(၉၄)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားအား ကျုံမငေးမြို့၌ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ််မြို့နယ်၊ ကျုံမငေးမြို့၌ (၉၄)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက မဟာစွယ်တော်မြတ် ကိန်းဝပ်တော်မူရာ ဂန္ဓကုဋိတိုက်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဩဝါဒစရိယ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒကထာများ နာကြားခဲ့ကြသည်။ ယင်းနောက် ရှင်ဥပဂုတ္တမထေရ်မြတ်အား ပင့်ဆောင်ခြင်းနှင့် သိကြာ၊  ဗြဟ္မာ၊နတ်ဒေဝါများအား ပင့်ဆောင်ရွတ်ဆိုခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော် အရှင်မြတ်နှင့် ဇမ္ဗူပတိ ရုပ်ပွားတော် အရှင်သူမြတ်တို့အား ဂန္ဓကုဋိတိုက်တော်မှ ယာယီရွှေကျောင်းတော်သို့ ကြွချီကိန်းဝပ် အပူဇော်ခံရန်အတွက် ဘုရားပင့်ရွတ်ဆို ပူဇော်ခဲ့ကြသည်။ ထို့နောက် (၉၄)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား မြတ်စွယ်တော် ဩဝါဒါစရိယ နာယကဆရာတော်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဂေါပအဖွဲ့တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော် အရှင်မြတ်နှင့် ဇမ္ဗူပတိ ရုပ်ပွားတော် အရှင်သူမြတ်တို့အား မြတ်စွယ်တော် ဂေါပကအဖွဲ့မှ ပင့်ဆောင်ခဲ့ကြပြီးအတုလဗုဒ္ဓ လက်ဝဲအောက်စွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ ကိန်းဝပ်အပူဇော်ခံရန်အတွက် ဘုရားပင့်ရွတ်ဆို ပူဇော်ခဲ့ကြပြီး အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ ဩဝါဒါစရိယ‌ဆရာတော်၊နာယကဆရာတော်များ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပင့်ဆောင်ပူဇော်ခဲ့ကြပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

02-Mar-2023