(၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနားကန်ကြီးထောင့်မြို့၌ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ ကန်ကြီးထောင့်မြို့နယ် ၊ ဝါးဒူးကျေးရွာ၌ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ တောင်သူများတက်ရောက်ခဲ့သည်။

ရှေးဦးစွာ တောင်သူလယ်သမားနေ့ အခမ်းအနား မုခ်ဦးဆိုင်းဘုတ်အားတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ပြခန်းများအားလှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး အကအဖွဲ့များအား ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကဖတ်ကြားပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ "တောင်သူလယ်သမားနေ့ အခမ်းအနားအား ယခင်နှစ်တွင်ဝါးဒူးကျေးရွာ၌ပင် ယခုကဲ့သို့ ကျင်းပခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကာထွက်ပေါ်လာသည့်ရလာဒ်များအား အခြေခံ၍ တစ်နှစ်တာကာလအတွင်း နိုင်ငံတော်၏ ရည်မှန်းချက်အား မည်မျှအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို တောင်သူများနှင့်ဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်ရန် အကြံဉာဏ်ပေး  ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါကြောင်း၊မိမိတို့ တိုင်းဒေသကြီး၌ရှိသည့် ‌မြေသယံဇာတ၊ရေသယံဇာတများအား မူတည်၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ကို ယခုနှစ်တွင်လည်း ဆွေးနွေးအဖြေရှာရန်လိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သလို ဝမ်းစာဖူလုံမှုအနေဖြင့် ဆန်နှင့်ပတ်သက်လျှင် ဝမ်းစာဖူလုံမှုအပြင် ပိုလျှံသည့်အတွက် ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချနေသည့် တိုင်းဒေသကြီးလည်းဖြစ်ပြီး စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံနေကြာကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ ထို့အတူ အသား၊ ငါး၊ ဥ စားသုံးမှုဖူလုံစေရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီးစိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ကာ ခရိုင်များအလိုက် ကုန်ကြမ်းနှင့် ကုန်ပစ္စည်းများစွာထွက်ရှိပြီး အသေးစား၊ အငယ်စားနှင့်အလတ်စားကုန်ထုတ်လုပ်ငန်းများလည်းရှိပါကြောင်း၊  တိုင်းဒေသကြီးအစိုးရဖွဲ့ အနေဖြင့်  စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အချက်(၄)ချက် ဟန်ချက်ညီညီဆောင်ရွက်နိုင်မှသာ လုပ်ငန်းအောင်မြင်နိုင်မှာဖြစ်ပါကြောင်း၊ စပါးတစ်ဧကအထွက်နှုန်းတွင် ပန်းတိုင် အထွက်နှုန်းအား မရောက်ရှိသေးသော်လည်း အဆင့်ဆင့် ရည်မှန်းချက်ထား ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များ အပြည့်အဝသုံးစွဲနိုင်ရေးအတွက်  အရည်အသွေးကောင်းမွန်သော ဆန်စပါး ထုတ်လုပ်နိုင်ရေးအတွက် ရေမြေဒေသနှင့် ကိုက်ညီ သည့်အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက် အလားအလာရှိသော စပါးမျိုးသစ်များ၊ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိစေမည့် ရေမြှုပ်ခံစပါးမျိုးများ၊ ရေအနည်းလို စပါးမျိုးများ၊ ဆားငန်ခံစပါးမျိုးများနှင့် ဧရာဝတီပေါ်ဆန်းပြန်လည်မြှင့်တင်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် ဆွေးနွေးပွဲများဆောင်ရွက်ခဲ့နိုင်ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၌ ရေတော်မိုးတော် စိုက်ဧက ၂၇သိန်းကျော်အားသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)အပြည့်အဝ ထည့်သွင်းစိုက်ပျိုးနိုင်ရန်  လျာထားဆောင်ရွက်ခဲ့ပြီး ၂၀၂၃ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧက (၁)သိန်း၊ ၂၀၂၄ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧက(၂၇)သိန်းအား အပြည့်အဝထည့်သွင်း စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တောင်သူများအနေဖြင့်လည်း အောင်မြင်စေရန် ဝိုင်းဝန်းအကောင်အထည် ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ ယခုနှစ်၌ နွေစပါးနှင့် ပဲတီစိမ်းစိုက် တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများထောက်ပံ့ပေးခဲ့ပြီးဖြစ်၍ သီး နှံအရည်အ သွေးကောင်း မွန်စေရေးနှင့်အထွက်တိုးစေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် တန်ဘိုးမြင့်ထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အလားအလာကောင်းသည့် ပီလောပီနံနှင့် ရာဘာတို့ကိုလည်း ကုန်ကြမ်းမှ တန်းဘိုးမြင့်ထုတ်ကုန်ဖြစ်စေရေးအတွက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် တောင်သူလယ်သမားနေ့အခမ်းအနားကို တက်ရောက်လာကြသည့် တောင်သူများနှင့် တောင်သူများ၏အခန်းကဏ္ဍ၊ တောင်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကျဉ်းပေးသော ဌာနဆိုင်ရာ အသိပညာပေးအဖွဲ့များနှင့် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးအထူး တင်ရှိပါကြောင်း"အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကားများ ဆက်လက်ပြောကြားခဲ့သည်။

ဆက်လက်၍ လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် သီးနှံများကိုပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် စီးပွားဖြစ်စိုက်ပျိုးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နည်းပညားများကိုလိုက်နာဆောင်ရွက်ခြင်းနှင့် မိတ်ဖတ်တောင်သူများကိုဖိတ်ခေါ်ပြသနိုင်ခြင်း၊ စီးပွားဖြစ်စွန့်ဦးတီထွင်ဆောင်ရွက်နိုင်ခြင်း၊ တန်ဘိုးမြင့်ထုတ်ကုန်များထုတ်လုပ်ဆောင်ရွက်နိုင်ခြင်း၊ မွေးမြူရေးလုပ်ငန်းများအားတစိုက်မက်မက်ဆောင်ရွက်ပြီး တိုးတက်ခေတ်မီပြောင်းလဲလာသည့် မွေးမြူရေးကျင့်စဉ်များနှင့်အညီလိုက်ပါပြောင်းလဲဆောင်ရွက်နိုင်ခြင်းစသည့်ထူးချွန်စွာဆောင်ရွက်ခဲ့ကြသည့် တောင်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြ​ခဲ့ကြသည်။ 

ထို့နောက် နေ့လည်ပိုင်းတွင် ထူးချွန်ဆုရတောင်သူများက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုများအားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဗဟိုဌာန(မြောင်းမြ) မှ သုတေသနပြုလုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်းရှင်းလင်းဆွေးနွေးခဲ့ရာတိိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အနည်းချက်အားသာချက်များသုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ယနေ့ကျင်းပပြုလုပ်သည့် ၆၁ နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနားတွင် တောင်သူလယ်သမားနေ့အထိမ်းအမှတ်ပြခန်း ဌာနဆိုင်ရာပြခန်းများ၊ ခရိုင်အလိုက်ပြခန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြခန်းများဖြင့် ပြခန်းပေါင်း (၄၃)ခန်းဖွင့်လှစ်ပြသထားရှိပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိတောင်သူစုစုပေါင်း (၉၉၆)ဦးတက်ရောက်ခဲ့ပြီး ပြခန်းများနှင့် ဆွေးနွေးပွဲများအား ယခုလ (၄) ရက်နေ့အထိ ခင်းကျင်းပြသပြုလုပ်သွားမှာဖြစ် ကြောင်းသိရသည်။

02-Mar-2023