ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဇလွန်မြို့နယ်၊နန်းတော်ကျွန်းကျေးရွာ၊ တောင်သူဦးခင်စိုး၏ Supersun-41 နေကြာ(၁၀)ဧက စံပြစိုက်ခင်း ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးခင်စိုး၏ယာမြေသို့ရောက်ရှိ၍ ပထမ သီးနှံအဖြစ် ပဲတီစိမ်းစိုက်ပျိုးပြီးစီး၍ ဒုတိယသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် Supersun-41 နေကြာ(၁၀)ဧက စံပြစိုက်ခင်းသို့ရောက်ရှိကာ စိုက်ပျိုးဖြစ်ထွန်းနေမှုများအား ကြည့်ရှု အားပေးခဲ့ပါသည်။ 

ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအနေဖြင့် ဝင်ငွေများပိုမိုရရှိရေးအတွက် တစ်သီးစိုက်ဧရိယာများမှ နှစ်သီးစိုက်၊ သုံးသီးစိုက်ဧရိယာများအဖြစ် ဆီထွက်သီးနှံများ၊ ငရုတ်၊ ပြောင်း၊ ပဲ သီးနှံမျာကို ထပ်မံစိုက်ပျိုးကြရန်၊ နေကြာသီးနှံ စိုက်ပျိုးပြီးစီး၍ ရိတ်သိမ်းပြီးစီးပါက မိုးမရွာမီကာလ အတွင်းနွေနှမ်းသီးနှံထပ်မံ စိုက်ပျိုးနိုင်ရေးမှာကြားခဲ့ပါသည်။ အဆိုပါနန်းတော်ကျွန်းကျေးရွာအုပ်စု အတွင်း အစေ့ထုတ်ပြောင်း(၁၉၇၆)ဧက၊ ဖူးစားပြောင်း(၂၃)ဧက၊ နေကြာ(၇၄၃)ဧက၊ မတ်ပဲ (၅၆၈)ဧက၊ ပဲတီစိမ်း(၁၉၅)ဧက၊ ငရုတ်(၅၃)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိ၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား သွားရောက်တွေ့ဆုံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ ကျောင်းသား/ကျောင်းသူများ၏ အားနည်းသည့် ဘာသာရပ် များကို ပိုမိုအားဖြည့်ဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှသာ မိမိတို့၏ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်၍ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် အောင်စိတ်မွေး၍ အစွမ်းကုန် ကြိုးစားကြစေလိုပါကြောင်း၊ ဂုဏ်ထူးပေါင်းများစွာဖြင့် ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်လိုပါကြောင်း အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဲတီစိမ်း စိုက်ဧက(၂၀၀၀)အား ဝယ်ယူကြိတ်ခွဲသူအစု အဖွဲ့အနေဖြင့် ဆောင်ရွက်သည့် ဇလွန်မြို့၊ ဒို့တောရွာ မျိုးစေ့နှင့်ပဲမျိုးစုံ ရောင်းဝယ်ရေးသို့ ရောက်ရှိ၍  ပဲတီစိမ်းစိုက်တောင်သူများမှ ပြန်လည်ပေးသွင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာအုပ်စုရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါး ဧက(၂၀၀)စံပြစိုက်ခင်းသို့ ရောက်ရှိ ၍ ဓာတ်မြေဩဇာစုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့တက်ရောက်အားပေးခဲ့ပြီးဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ  ဆိုလာရေတင်စနစ်ဖြင့်ရေတင်စနစ်အား ကျယ်ကျပ်ပြန့်ပြန့် အသုံးပြုနိုင်ရေးဆောင်ရွက်ကြရန်၊ အထွက်နှုန်းတိုးတက်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များကို သုံးစွဲကြရန်၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများကို အချိုးကျသုံးစွဲကြရန်၊ တစ်သီးစိုက်ဧရိယာများမှ နှစ်သီးစိုက်ဧရိယာများအဖြစ် ထပ်မံစိုက်ပျိုးကြရန် မှာကြားခဲ့ပြီး ဒေသခံတောင်သူများမှ တင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

27-Feb-2023