ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့၊ ထူပါရုမ်စေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံဆောင်ရွင်နိုင်ရေး ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ထူပါရုမ်စေတီတော်မြတ်ကြီးအား ရေရှည်တည်တံ့ပြီး စိတ်အေးချမ်းသာစွာ ဖူးမြှော်နိုင်ရန်အတွက် လိုအပ်သောပြင်ဆင်ဆောင်ရွက်မှုများပေးနိုင်ရန် သွားရောက်ဖူးမြှော်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး တန်ဆောင်းတော်ကြီးတွင် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်တွေဆုံခဲ့ကာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)မှ စေတီတော်ကြီး မွမ်းမံပြင်ဆင်ရန်အတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စေတီတော်ကြီးရေရှည်တည်တံ့ခိုင်မြဲစေရေးစနစ်တကျပြုပြင်မွမ်းမံရန်၊ စေတီတော်ရင်ပြင်တော်ရှိ တန်ဆောင်းများ၊ အဆောက်အဦများ ပြင်ဆင်ထိန်းသိမ်းကြရန်၊ လျှပ်စစ်မီးကြိုးသွယ်တန်းမှုများ စနစ်တကျရှိစေရန်နှင့် သန့်ရှင်းရေလုပ်ငန်းများဆောင်ရွက် ကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက လိုအပ်ချက်များအား တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စေတီတော်ကြီးအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ မိုးလုံလေလုံ အားကစားခန်းမ အကြီးစားပြုပြင်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေး၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး မြို့နယ်ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ တောချောင်း ကျေးရွာအုပ်စုရှိ ထွန်းမေတ္တာ သာကူစေ့နှင့်ကော်မှုန့်စက်ရုံသို့ရောက်ရှိခဲ့ကာ စက်ရုံတာဝန်ခံမှ သာကူစေ့ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်နှင့် စပါးခွံလောင်စာသုံး ဘွိုင်လာရေနွေးငွေ့အသုံးပြု သာကူစေ့ထုတ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်ရုံမှ သာကူစေ့ထုတ်လုပ်နိုင်မှု၊ စျေးကွက်ရရှိမှု၊ ကုန်ကြမ်းရရှိမှု၊ သိုလှောင်ထားရှိမှုအခြေအနေများအား မေးမြန်းခဲ့ပြီး ဘွိုင်လာမှစွန့်ပစ် ဖွဲပြာများအား စနစ်တကျသိုလှောင်ထားရှိပြီး သဘာ၀မြေသြဇာ များထုတ်လုပ်ရာတွင် ပြန်လည်အသုံးပြုရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ကြရန်၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကတ်များ ဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပြီး ဘွိုင်လာစက်ရုံအသစ်ထပ်မံတည်ဆောက်ပြီးစီးမှုအား ကြည့်ရှုခဲ့သည်။ ထို့နောက် စက်ရုံတာဝန်ခံ မှ ကော်မှုန့်စက်ရုံ လည်ပတ်နေမှုအား လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါစက်ရုံမှ ရန်ကုန်မြို့သို့ နေ့စဉ် သာကူစေ့ (၃) တန်နှင့် ကော်မှုန့် (၁၂)တန် တို့အား တင်ပို့လျှက်ရှိ ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ကြီးအိုင်ကျေးရွာ အုပ်စုရှိ မန်းစိုးသိန်း၏ ပီလောပီနံအမှုန့်ထုတ်စက်ရုံသို့ရောက်ရှိခဲ့ပြီး ပီလောပီနံစိုက်ပျိုးထုတ်လုပ် သူများအသင်း ဥက္ကဋ္ဌမှ ပီလောပီနံအမှုန့်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်ကြမ်းရရှိမှု အခြေအနေများ၊ ပြည်ပသို့တင်ပို့ရန်အတွက် ဓါတ်ခွဲစမ်းသက်မှုအခြေအနေများ၊ ပီလောပီနံတိုးချဲ့ စိုက်ပျိုးမည့်အခြေအနေများကို ရှင်းလင်တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပိုမိုတိုးချဲ့စိုက်နိုင်ရေး၊အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ မန်းစက္ကူကျေးရွာအုပ်စုရှိ တောင်သူ ဦးသိန်းထွန်း၏ လယ်မြေ (၈) ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဝါးခယ်မစိမ်းမျိုး ပဲတီစိမ်းစိုက်ခင်းသို့ရောက်ရှိ၍ ဒေသခံတောင်သူများ ပဲနှုတ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့၊ ကံ့ကော်ကျောင်းတိုက်သို့ရောက်ရှိ၍ ကံ့ကော်ကျောင်းတိုက်ဆရာတော်အား ဖူးမြှော်ကြည်ညို၍ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကံ့ကော်ဘုန်းတော်ကြီးကျောင်း ရှိတက္ကသိုလ်ဝင်စာမေးပွဲ အတွက် ပညာဒါနပေးနေသည့်အဆောင်တွင် ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား များနှင့်တွေ့ဆုံအားပေးခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။