ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းခွင်နှင့်တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တံတားဦးစီးဌာန တံတားအဖွဲ့(၁၅)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်-ကံကုန်း- မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား (မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်း (Steel Box Girder) သံကူကွန်ကရစ်ကြမ်းခင်း၊ တံတားအရှည် ၃၈၄ မီတာ (၁၂၆၀ ပေ)၊ ယာဉ်သွားလမ်းအကျယ် ၇.၃မီတာ၊ လူသွားလမ်းအကျယ် ၀.၆မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၆၀မီတာ(၂၀၀ ပေ)၊ ရေလမ်းကင်းလွတ် အမြင့် ၆.၀ မီတာ (၂၀ပေ)၊ တံတားခံနိုင်ဝန် H.S - 25 (AASHTO)လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ စီမံကိန်းလုပ်ငန်း စီမံချက်နှင့် ပြီးစီးမှုအခြေအနေများနှင့် ချဉ်းကပ်လမ်း ကတ္တရာကွန်ကရစ်ခင်းခြင်း၊ တံတားလက်ရန်းတပ်ဆင်ခြင်းစသည့် အချောသတ်လုပ်ငန်းများဆောင်ရွက်မှုများအားတာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေး၊စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်သန့်ရှင်းရေးလုပ်ငန်းများအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါ ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်းအား အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၉၇ %) ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ် ၊ဝါးဒူးကျေးရွာ၌ မတ်လ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင် ပန်းမန်များစိုက်ပျိုးထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများပြသထားရှိရန်ပြင်ဆင်ထားရှိမှုများနှင့် အခမ်းအနားပြုလုပ်မည့်နေရာတို့အားကြည့်ရှုစစ်ဆေးခဲ့ရာ တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအား တောင်သူလယ်သမားနေ့ ကျင်းပရေးကော်မတီများမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအားလုံး ပြသနိုင်ရေး၊ တောင်သူများအားပါဝင်တက်ရောက်စေရေး ယခင်နှစ်များထက် ကဏ္ဍစုံပါဝင်စေရေးလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။