ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငွေဆောင်မြို့ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၌  မြို့အဆင့်ဌာန ဆိုင်ရာများနှင့်တွေ့ဆုံပွဲအား ယနေ့ညနေပိုင်းက ယမုံနာဦး ဟိုတယ် တွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့အဆင့် ဌာနဆိုင်ရာများနှင့် ဟိုတယ်ဇုန်တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ငွေဆောင်မြို့အဆင့် ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်သည့်အပြင် ပြည်ပပို့ကုန်များလည်း ထုတ်လုပ်တင်ပို့လျှက်ရှိပါကြောင်း၊ သဘာဝကပေးသည့် ကမ်းခြေဒေသများနှင့် ခရီးသွား လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်းပြည်ပခရီးသွားများ အများဆုံး လာရောက် လည်ပတ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ခရီးသွားဧည့်သည်များအား ဆွဲဆောင်ရန်အတွက် ဒေသ၌ရှိသည့် သစ်တောသစ်ပင် ဖြစ်ထွန်းမှုများ၊ သုတေသနလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် ဆင်စခန်းများကိုလည်း ခရီးသွားဧည့်သည်များစိတ်ပါဝင်စား၍ သွားရောက်လေ့လာလည်ပတ်နိုင်ရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက်လည်း ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ကမ်းခြေနှင့် ဟိုတယ်ဇုန်များ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ ဟိုတယ်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီးကမ်းခြေသာယာလှပရေးအား ယခုထက်ပိုမို အလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေး၊ ခရီးသွား ဧည့်သည်များ စိတ်အပန်းပြေပျော်ရွှင်စေရေးနှင့် လုံခြုံမှုရှိစေရေးအတွက်လည်း ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊   တိုင်းဒေသကြီး၏ MSME လုပ်ငန်းများသည် ခရီးသွားလုပ်းငန်းများအပေါ်တွင်လည်း မှီခိုနေသောကြောင့် MSME ပြပွဲများ၊ ဈေးရောင်းပွဲတော်များနှင့် ကမ်းခြေအားကစားပြိုင်ပွဲများအား ဟိုတယ်ဇုန်များအလိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ ခရီးသွားများအား တည်းခိုခနှင့်ညီမျှသည့် ဝန်ဆောင်မှုများပေးရန် လိုအပ်ပြီး ဝေဖန် အကြံပြုစာရေးသားသည့် စနစ်ကိုလည်းအကောင်အထည်ဖော်ဆောင်ရွက် ကြစေလိုကြောင်းနှင့် သို့မှသာ အားသာချက် အားနည်းချက်များအား ပြုပြင်၍ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါကြောင်း”အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့် ဟိုတယ်ဇုန်တာဝန်ခံများ၏ လုပ်ငန်းလိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

21-Feb-2023