၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တွေ့ဆုံအားပေး

၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ များအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပုသိမ်မြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ပညာရေးမှူးက  အောင်ချက်မြင့်မားရေးအတွက် လေ့လာကျက်မှတ်ဖြေဆိုရမည့်နည်းလမ်းများ အားရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင် တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ တက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများမှ ဘာသာရပ်အလိုက် အခြေခံပညာအထက်တန်းအဆင့် ဆရာ/ဆရာမများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များနှင့်ပတ်သက်၍လည်း လက်တွေ့သရုပ်ပြဆွေးနွေးပို့ချပေးခဲ့ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း  မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ ကျောင်းသား/ကျောင်းသူများ၏ အားနည်းသည့်ဘာသာရပ်များကို ပိုမိုအားဖြည့်ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှသာ မိမိတို့၏ရည်မှန်းချက် များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်၍ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် အောင်စိတ်မွေး၍ မလျော့သောဇွဲလုံ့လဖြင့် အစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ ကျန်းမာရေး ကိုလည်းအထူးဂရုပြုကြရန်၊ ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်း များစွာဖြင့် ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်လိုပါကြောင်း" အားပေးစကားများပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ပုသိမ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

21-Feb-2023