၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်တွင်ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတက်ရောက်

၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနား ကို အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဒေသခံချင်းတိုင်းရင်းသူတိုင်းရင်းသားများတက်ရောက်ခဲ့ကြသည်။ ဦးစွာ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ မုခ်ဦးအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ်၊ ချင်တိုင်းရင်းသား ရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဆလိုင်းလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအားဆက်လက်ပြုလုပ်ရာ သဘာပတိကြီးမှမောင်း (၃)ချက်ထု၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မိမိတို့တိုင်းဒေသကြီးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား(၈)မျိုးလုံး စုပေါင်းနေထိုင်ကြပြီး နေထိုင်မှုအများဆုံး တိုင်းရင်းသားများမှာ ဗမာ၊ ကရင်၊ ရခိုင်နဲ့ ချင်းတိုင်းရင်းသားများ ဖြစ်ကြပါ ကြောင်း၊ တိုင်းရင်းသားလူမျိုးများစွာဖြင့် စုစည်းနေထိုင်လျက်ရှိသော မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေးစိတ်ဓာတ်တို့မှာလည်း မည်မျှအရေးကြီးကြောင်း သမိုင်းကပြသလျက်ရှိသည့်အတွက်ပြည်ထောင်စုအတွင်း မှီတင်နေထိုင်ကြသည့်တိုင်းရင်းသား ပြည်သူအားလုံးသည် အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ကြပြီးစစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကိုဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်သွားကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားတို့၏ တိုင်းရင်းသားစာပေ သင်ကြားရေးများ၊ တိုင်းရင်းသားရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များ နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အစဉ်အလာမပျက် ကျင်းပဆောင်ရွက်နိုင်စေရန်စာပေနှင့်ယဉ်ကျေးမှုအသင်းများသို့ ထောက်ပံ့ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိဒေသရဲ့ ဂုဏ်ယူဝင့်ကြွားဖွယ်ရာအမွေအနှစ်များ၊ ဓလေ့ထုံးစံများကိုလေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် နှင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ တိုင်းဒေသကြီး၏အကျိုး၊ ပြည်ထောင်စု၏ အကျိုးတို့ကိုထာဝစဉ် သယ်ပိုးနိုင်ပါစေကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှပေးပို့သော သဝဏ်လွှာကိုဖတ်ကြားခဲ့ပြီးဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဆလိုင်းလှမြင့်က ချင်းအမျိုးသားနေ့ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးဆလိုင်းအောင်ကိုကိုဦးက ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအားရှင်းလင်းပြောကြား၍ ခင်းကျင်းပြသထားသော နောက်ခံအရောင်နှင့် ဆင်ယင်ထုံးဖွဲ့မှုအကြောင်းကိုချင်းတိုင်းရင်းသူ တစ်ဦးမှ ရှင်းလင်းပြောကြားခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့ဝင် ဒေသခံ ဆလိုင်းသိန်းဆွေက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးသဘာပတိကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ထို့နောက် ချင်းတိုင်းရင်းသားတိုင်းရင်းသူများ၏ ရိုးရာအကများဖြင့် ဖျော်ဖြေကပြမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းကောက်အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ပြီးအင်္ဂပူမြို့နယ် ပညာရေးမှူးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး မြန်အောင်ခရိုင်ပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက် လေ့လာကျက်မှတ်ဖြေဆိုရန်နည်းလမ်းများရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ် ပါမောက္ခ၊ ဌာနမှူးများနှင့်အထက်တန်းပြဆရာ၊ ဆရာမများဘာသာရပ်ဆိုင်ရာသိကောင်းများဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲကို အကြိုလေ့ကျင့်ဖြေဆိုလျက်ရှိပြီး မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ကာ ဆရာ၊ဆရာမ များအနေဖြင့်လည်း မိမိတို့ကျောင်းသူကျောင်းသားများ၏ အားနည်းသည့်ဘာသာရပ်များကိုပိုမိုအားဖြည့်ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်မှသာ မိမိတို့၏ရည်မှန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်၍ ရာနှုန်းပြည့်အောင်မြင်စေရေး
အောင်စိတ်မွေး၍ အစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ ကျန်းမာရေးကိုလည်းအထူးဂရုပြုကြရန်၊ ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့်ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်”အားပေးစကားများပြောကြားခဲ့ ပြီးကျောင်းသား၊ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ကြောင်းသိရသည်။