မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူယနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအားစည်ကားသိုက်မြိုက်စွာကျင်းပ

မြန်မာနိုင်ငံ၏ ထင်ရှားသောဘုရားပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တပေါင်းလဆန်း ၁ ရက်နေ့မှ လပြည့်နေ့အထိ(ဖေဖော်ဝါရီလ ၁၉ရက်နေ့မှ မတ်လ ၅ရက်နေ့အထိ) ၁၅ ရက်ကြာ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင်ကျေးရွာအုပ်စု၍ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦး၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများနှင့်ဘုရားဖူးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားရင်ပြင်တွင် စေတီတော်မြတ်ကြီးအား ဆွမ်း၊ပန်း၊ရေချမ်း၊သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခဲ့ကြကာ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ အနုမောဒနာတရားနာကြားခဲ့ကြပြီး ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များမှ ဆရာတော်ကြီးအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး သြဝါဒါဆရာတော်ကြီးများနှင့်တကွ မြတ်မော်တင်တောင်ခြေနှင့်အနီးဝန်းကျင်ကျေးရွာများတွင်သီတင်းသုံးတော်မူကြသောဆရာတော်အရှင်သူမြတ် အပါး(၂၀၀) အား ဆွမ်း၊လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများလောင်းလှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနားအစီအစဉ် ပထမပိုင်းအရ မင်္ဂလာဘိသေကပညာရှင်က ဗုဒ္ဓါဘိသေကမင်္ဂလာ ဩဘာစာတမ်းအား ဖတ်ကြားပြီးနောက် မင်္ဂလာအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မင်္ဂလာမုခ်ဦးအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီးနောက် ဒေဝါဝင်း၊ ရာဇာဝင်းအဖွဲ့များလိုက်ပါလျက် စေတီတော်မြတ်ကြီးအား လက်ျာရစ် လှည့်လည်ပူဇော်ခဲ့ပြီး သစ်သီးဆွမ်း၊ ဆီးမီး၊ ရေချမ်း၊ ပန်းများကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော်အရှင်သူမြတ်များမှ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာဆင်ယင်ကျင်းပတော်မူခဲ့ကြသည်။
ဆက်လက်၍ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားအား စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မဟာမင်္ဂလာမဏ္ဍပ်၌ ပြုလုပ်ခဲ့ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာအခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များအားနာယူကြည်ညိုကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီးနောက် မင်္ဂလာဘိသေကပညာရှင်က မင်္ဂလာဩဘာစာတမ်းအားဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးတောင်ခြေတွင် ရှင်ဥပဂုတ္တမထေရ်မြတ်အားပင့်ဆောင်ပူဇော်၍ ဖောင်တော်အားရေမျှောပူဇော်ကုသိုလ်ပြုခဲ့ကြပြီး မြတ်မော်တင်စေတီတော်မြတ်ကြီးရှိ သက္ကရာဇ် ၁၂၅၂ ခုနှစ်က သွန်းလုပ်လှူဒါန်းထားရှိသည့် ရှေးဟောင်းကြေးသွန်းခေါင်းလောင်းတော်ကြီးများနှင့် ၁၂၅၆ခုနှစ်တွင် ထွင်းထုလှူဒါန်းထားသည့် ရှေးကျောက်စာချပ်အား ရှေးလက်ရာမပျက်ပြန်လည်ပြုပြင်မွမ်းမံထားရှိမှုများနှင့် ရင်ပြင်တော်တိုးချဲ့တည်ဆောက်နေမှုများလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းလက်ရာများမပျောက်ပျက်စေဘဲရေရှည်တည်တံ့စေရေး၊ စနစ်တကျမှတ်တမ်းများထိန်းသိမ်းထားရှိစေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလများအတွင်းပြီးစီးစေရေးမှာကြားခဲ့ပြီး ဘုရားဖူးလာပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ထို့နောက် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ဘုရားပွဲတော်ကျင်းပမှုဆိုင်ရာကိစ္စရပ်များသုံးသပ်ဆွေးခဲ့ကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။