မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရှင်းလင်းဆောင်၌တရားပွဲနှင့် ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်း ပဉ္စမအကြိမ်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုရှိ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရှင်းလင်းဆောင်၌ တရားပွဲနှင့်  ရင်ပြင်တော် တိုးချဲ့ခြင်းလုပ်ငန်းအတွက် ပဉ္စမအကြိမ်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား ယနေ့ညနေပိုင်း၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊  တိုင်းခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များသည် သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ  တရားဒေသနာတော်များ နာယူကြည်ညိုကြသည်။ 

ဆက်လက်၍  ပဉ္စမအကြိမ်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့ အမှူးပြုသော စေတနာရှင်အလှူရှင်များ၊ ဌာနဆိုင်ရာများက အလှူငွေများအား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက်  သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းအတွက် ပဉ္စမအကြိမ်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့ အမှူးပြုသော စေတနာရှင် အလှူရှင်များ၊ ဌာနဆိုင်ရာများက  လှူဒါန်းငွေ စုစုပေါင်း (၃၁၈၅၁၂၀၀၀) သုံးထောင်တစ်ရာရှစ်ဆယ့်ငါးသိန်း တစ်သောင်းနှစ်ထောင်ကျပ်နှင့် ကျောင်းကျင်း (၃၀၀)ကျင်းအတွက်တန်ဖိုးငွေကျပ် (၅၁၀)သိန်းတိတိ တို့အား လှူဒါန်းကုသိုလ်ပြုခဲ့ကြကြောင်းသိရသည်။

18-Feb-2023