ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိကျေးရွာများတွင် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာတိုက်နယ်ဆေးရုံသို့သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကာ ဒေသခံပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအခြေအနေများမေးမြန်းခဲ့ပြီး ဆေးရုံသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

ထို့နောက် ဆေးကုသဆောင်များအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံ တက်ရောက်ကုသလျက်ရှိသည့်လူနာများအတွက် စားသောက် ဖွယ်ရာများ နှင့်ထောက်ပံ့ငွေများအသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်ခရိုင်ကျေးရွာရှိ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ(Gasifier)သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာအတွင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲနေမှုအခြေအနေများတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လျှပ်စစ်ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့နောက် ပြင်ခရိုင်အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍  ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ပါသည်။ ဦးစွာ ငပုတောမြို့နယ် ပညာရေးမှူးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဒုတိယပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက် လေ့လာကျက်မှတ်ဖြေဆိုရန်နည်းလမ်းများရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် တက္ကသိုလ် ပါမောက္ခ၊ ဌာနမှူးများနှင့်အထက်တန်းပြဆရာ၊ ဆရာမများဘာသာရပ်ဆိုင်ရာသိကောင်းများဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါကြောင်း၊  ကျောင်းသားကျောင်းသူများအနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲကို အကြိုလေ့ကျင့်ဖြေဆိုလျက်ရှိပြီး  မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ပြီး ဆရာ၊ဆရာမ များအနေဖြင့်လည်း မိမိတို့ကျောင်းသူကျောင်းသားများ၏ အားနည်းသည့်ဘာသာရပ်များကိုပိုမိုအားဖြည့်ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ အောင်စိတ်မွေး၍ အောင်မြင်စေရေးအစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ ကျန်းမာရေးကိုလည်းအထူးဂရုပြုကြရန်၊ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့်ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်”အားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စားမေးပွဲအထောက်အကူပြုဘာသာရပ်ဆိုင်ရာသိကောင်းစရာ (Hand- Out)များနှင့် ထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ၁၃၀ပေ× ၆၀ပေ RC(၂ )နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ကလပ် တိုက်နယ်ဆေးရုံသို့သွားရောက်ခဲ့ပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသူများအားတွေ့ဆုံအားပေးထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံခဲ့၍ ဆေးရုံသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ဇီးသောင်ကျေးရွာတွင် ဒေသရှိသဘာဝထုံးကျောက်သက်နုမှ ကျောက်မီးဖိုထုတ်လုပ်နေ မှုအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပိုမိုထုတ်လုပ်နိုင်ရေးနှင့်အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ဆက်လက်ပြီး ပြည်သာယာ အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသူကျောင်းသူများနှင့်ဆရာ၊ဆရာမများအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျောက်ကလပ်ဦးစေတီနှင့် ကျောက်ကလပ်တောင်သို့သွားရောက်ခဲ့ပြီး ကျောက်တောင်များတွင် ပင်လယ်လှိုင်းနှင့်ဒီရေတိုက်စား၍ကျောက်ကလပ်ပုံ သဏ္ဍန်ဖြစ်ပေါ်မှုနေများ၊ ကမ်းခြေရှုခင်းသာယာမှုများနှင့် ရှင်စောပုဘုရား အောက်ဘက်ကမ်းခြေတစ်လျှောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးကမ်းခြေသန့်ရှင်းသာယာလှပေစေရေး၊ အပန်းဖြေလာရောက်ကြသည့်ဧည့်သည်များ စိတ်အပန်းပြေစေရေးနှင့် ခရီးသွားဧည့်သည်များပိုမိုစိတ်ဝင်လာစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
.
ဆက်လက်၍ လမ်းဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့ (၂၀)မှဆောင်ရွက်လျက်ရှိသည့် လပွတ္တာ(ကျောက်ဖျာလေး)-သုံးခွ- အုတ်တွင်းလမ်းအား ရာသီမရွေးသွားလာနိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှူများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေး၊ အရည်အသွေးပြည့်မီစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် သက္ကယ်သောင်ကျေးရွာအုပ်စု၊ သောင်လေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်ခဲ့၍ ကျောင်းဆောင်များအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်မိရပ်ဖများ၊ ဆရာ၊ဆရာမများနှင့်တွေဆုံခဲ့ကာ တင်ပြချက်များအပေါ်သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ 

ဆက်လက်၍ အုတ်တွင်းကျေးရွာရှိ ဆားတောင်သူ ဦးပြည့်စုံ၏  တာပေါ်လင်ခံ၍နေလှန်းဆားထုတ်လုပ်မှုအခြေအနေများကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းတာဝန်ခံမှ ရိုးရိုးမြေသားပေါ်တွင် သမားရိုးကျနေလှန်းဆားထုတ်လုပ်မှုထက် တာပေါ်လင်ပေါ်တွင်နေလှန်းဆားထုတ်လုပ်မှုတွင် ပိုမိုအကျိုးရှိမှု အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဆင့်မီဆားကြမ်းပိုမိုထုတ်လုပ်နိုင်ရေး၊ ဆားကြမ်းမှတစ်ဆင့် အိုင်အိုဒင်းပါဝင်သည့်ဆားချောများတိုးတက်ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။

18-Feb-2023