ပုသိမ်မြို့၌ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊Swen Hotel အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးချုပ်နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အဓိကအားထားလုပ်ကိုင်နေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊  သား၊ ငါး မွေးမြူရေးလုပ်ငန်းများအပြင် ကမ်းရိုးတန်းရှည်လျားသည့်တိုင်းဒေသကြီးဖြစ်၍ ၎င်းတို့အားအခြေပြု၍ ရေထွက်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၌ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့်ကုန်ကြမ်းများစွာထွက်ရှိပြီး ကုန်ကြမ်းများအား ကုန်ချောပြုလုပ်၍ ပြည်ပပို့ကုန်အဖြစ်တိုးမြှင့်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် အလားအလာကောင်း များရှိနေပါကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များထဲမှ ပြည်ပသို့ ပုံမှန်တင်ပို့နေတဲ့အမယ်များအပြင် အလားအလားရှိတဲ့ အမယ်သစ်များကိုလည်း ပြည်ပစျေးကွက်များနှင့်ချိတ်ဆက် ပြီးတိုးချဲ့တင်ပို့နိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲအား ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများအားလုံး ပါဝင်ဆွေးနွေးသည့်အတွက် တိုင်းဒေသကြီး၏ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေးအတွက်များစွာအ ကျိုးပြုမှာဖြစ်ပါကြောင်း နှင့်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအကျိုး‌မျှော်ကိုး၍ ရလာဒ်ကောင်းများထွက်ပေါ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း”အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ယင်းနောက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးရေးအဖွဲ့ ဒုတိယညွှန်ကြားရေးချုပ်က အမှာစကားများဆက်လက် ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးရေးအဖွဲ့ ဒုတိယညွှန်ကြားရေးချုပ်က ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လိုအပ်ချက်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက စက်မှုထုတ်ကုန်ပစ္စည်းများဖြင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးရေးအဖွဲ့မှ ညွှန်ကြားရေးမှူးက (The General Administration of Customs of China-GACC) အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပီလောပီနံစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌနှင့်  MAE Co Ltdမှ ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဆက်လက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဟင်္သာတမြို့နယ်၊လိပ်ချောင်းကျေးရွာ၊ စလင်းကျောင်းကြီးကျောင်းတိုက်၌ ခေတ္တသီတင်းသုံးနေထိုင်တော်မူသည့် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဌာနာစရိယ၊ ဒေါက်တာ ဘဒ္ဒန္တ အာစိဏ္ဏ ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညို၍ အလှူငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များလျှောက်ထားတင်ပြခဲ့ပါသည်။

ထို့နောက် ၁၃၈၄ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်နေ့တွင် စလင်းကျောင်းကြီးကျောင်းတိုက်၌  စိန်ဖူးတော်၊ငှက်မြတ်နားတော်၊ရွှေထီးတော် အထွဋ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာပြုလုပ်မည့် နှစ်ကျိပ်ရှစ်ဆူ ကောင်းမှုတော် ဝိသုံဂါမသိမ် စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြောင်းသိရသည်။

16-Feb-2023