ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေ(မူကြမ်း) ရေးဆွဲရေးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေ(မူကြမ်း) ရေးဆွဲရေးသင်တန်းဖွင့်ပွဲအား ပုသိမ်မြို့၊ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်၊  ဇယား(၂)ပါ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်များ၏ ဥပဒေပြုစာရင်းနှင့် ဇယား(၅)ပါ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်များက ကောက်ခံရမည့်အခွန်အခများစာရင်းတွင် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဥပဒေပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသည့် ကဏ္ဍများအတွက် ပြည်ထောင်စုကပြဋ္ဌာန်းပေးထားသည့် ဥပဒေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများကထုတ်ပြန်ထားသောနည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ မိမိတို့တိုင်းဒေသကြီးအတွင်း ဥပဒေပြဋ္ဌာန်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်သည့်ကဏ္ဍများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက  ဥပဒေ၊ နည်းဥပဒေများရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဥပဒေ(မူကြမ်း) ရေးဆွဲရေးသင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းမည့်ဥပဒေ(မူကြမ်း)များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြနိုင်ရေးအလေးထားဆောင်ရွက်သွားရန်” အမှာစကားများပြောကြားခဲ့သည်။အဆိုပါသင်တန်းအား ယနေ့မှ ဖေဖော်ဝါရီလ(၁၇ )ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ သင်တန်းသား၊သင်တန်းသူ (၁၄၄ )ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက်အကြိုလေ့ကျင့်စာမေးပွဲ ဖြေဆိုနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘာသာရပ်များအားလုံးဖြေဆိုနိုင်စေရေး တာဝန်ရှိသာများမှ  အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

15-Feb-2023