(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် ကာယဗလမောင်ပြိုင်ပွဲနှင့် (၂၆)မြို့နယ်ကာယအလှမယ်ပြိုင်ပွဲကျင်းပ

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် ကာယဗလမောင်ပြိုင်ပွဲနှင့် (၂၆)မြို့နယ်ကာယအလှမယ်ပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၂ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများ၊ပြိုင်ပွဲဝင် ကာယဗလမောင်များနှင့် ကာယအလှမယ်များ တက်ရောက်ခဲ့ကြသည်။
ပြိုင်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ယနေ့ပြုလုပ်သည့် ပြိုင်ပွဲသည် ဧရာဝတီတိုင်းဒေသအတွင်းရှိ မြို့နယ်များမှထူးချွန်ထက်မြက်သော ကာယဗလမောင်နှင့်အလှမယ်များ ပေါ်ထွက်လာစေရန်၊ တိုင်းအတွင်းရှိ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်လာပြီး အားကစားနည်းစနစ်များ အပြန်အလှန်ရရှိစေရန်၊ ထူးချွန်သောအားကစားသမားများရွေးချယ်၍ ပြည်နယ်/တိုင်း ပြိုင်ပွဲ များသို့ အဆင့်မီစွာပါဝင်ယှဉ်ပြိုင်နိုင်ရန်၊ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံတော်ကိုယ်စားပြုထူးချွန်သော အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်နှင့် အနာဂါတ်တွင် ကျန်းမာကြံ့ခိုင်သောမြန်မာနိုင်ငံ၏မျိုးဆက်သစ်သားကောင်း ၊ သမီးကောင်းများ ပေါ်ထွက်လာစေရန်စသည့် ရည်ရွက်ချက်များဖြင့်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဒိုင်အဖွဲ့ဝင်များကလည်း သမာသမတ်ရှိရှိဖြင့် ဘက်လိုက်မှုမရှိဘဲ အကဲဖြတ်အမှတ်ပေးရန်ပြောကြားလိုပါကြောင်းနှင့် တိုင်းဒေသကြီးအတွက် ဂုဏ်ယူနိုင်မည့် အားကစားသမားများအဖြစ် ရွေးချယ်နိုင်ရန်လိုပါကြောင်း”အမှာစကားများပြောကြားခဲ့ပြီး ကာယဗလမောင်များနှင့် ကာယအလှမယ်များ၏ ပြိုင်ပွဲဝင်သရုပ်ပြသခြင်းများအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ (၆၀)ကီလိုတန်းမှ (၇၅)ကီလိုတန်းအထက်နှင့် အလွတ်တန်းအထိ ကာယဗလမောင် (၃၆)ဦးနှင့် ကာယအလှမယ် (၂၆)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကာယဗလမောင်ပြိုင်ပွဲအား ပုသိမ်မြို့၊ဧရာရွှေခန်းမ၌လည်းကောင်း၊ ကာယအလှမယ်ပြိုင်ပွဲအား မြို့တော်ခန်းမ၌လည်းကောင်း နှစ်နေရာခွဲ၍ ကျင်းပခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင်ဆုချီးမြှင့်ပွဲအား ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် ကာယဗလမောင်ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက်ပြိုင်ပွဲများတွင် နှစ်သိမ့်ဆု၊ တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသူများနှင့် အလွတ်တန်းပြိုင်ပွဲတွင် စတုတ္ထမှ ဒဿမအထိဆုရရှိသူများနှင့် ပထမ၊ဒုတိယ၊ တတိယဆုရရှိသူများအား ဌာနဆိုင်ရာများ၊တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ (၂၆)မြို့နယ် ကာယအလှမယ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများနှင့် စတုတ္ထမှ ဒဿမအထိဆုရရှိသူများအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများနှင့်ဥပဒေချုပ်တို့ကလည်းကောင်း၊ တတိယ၊ဒုတိယနှင့် ပထမဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး တံခွန်စိုက်ဆုရရှိသည့် (၈)ခရိုင် ကာယဗလမောင်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။