(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ပြည်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ပြည်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊အမှတ်(၅)ရပ်ကွက်၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ပြည်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ရာဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး၏ နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးလျက်ရှိရာ တိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့တွင်လည်း နိုင်ငံ့ဝန်ထမ်းများအတွက် ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆက်လက်ဆောက်လုပ်ပေးသွားမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာ၌ နေထိုင်သည့် နိုင်ငံ့ဝန်ထမ်းများအား ရေ၊ မီးသုံးစွဲမှုများကို စနစ်တကျသုံးစွဲကြရန်နှင့် အိမ်ခန်းများအားလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊မိမိတို့၏ အခန်းများ သန့်ရှင်းသပ်ရပ်ရေးအပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊သန့်ရှင်းသာယာစေရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သီးပင်စားပင်၊ပန်းအလှပင်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးအား ဆောင်ရွက်ကြရန်လည်းလိုပါကြောင်းနှင့် အိမ်ရာများသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း”အမှာစကားများပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက နိုင်ငံ့ဝန်ထမ်းအိမ်ရာ ဖော်ဆောင်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းအိမ်ရာ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပုသိမ်မြို့တွင်ဝန်ထမ်းအိမ်ရာ (၁၁)လုံးအကောင်အထည်ဖော်တည်ဆောက်ရန် လျာထားခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လ ဘတ်ဂျတ်ကာလ)တွင်(၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ (၈)လုံး၏ (၅၀%) အပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် (၄)ခန်းတွဲ(၄)ထပ် ဝန်သင်း အိမ်ရာ (၈)လုံး၏ ကျန်ရှိ(၅၀%)ကို အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့သဖြင့် ပြည့်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ရာအတွင်း (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ စုပေါင်း (၉)လုံးထပ်မံဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ရာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ အခန်းပေါင်း (၁၄၄)ခန်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။