(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းဖွင့်ပွဲများအားတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး‌ကျေးရွာ၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ဦးစွာ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်သည် ကွန်ကရစ်ဘီးလမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်ဘီးလမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။အဆိုပါလမ်းသည်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကန်ကြီးထောင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး‌ဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ပြည်သူများမှ ပူးပေါင်းပါဝင်ငွေများဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၁၄၇၀ပေ၊အကျယ်၂ပေနှင့် ထု၆လက်မရှိကြောင်းသိရသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင်းအဖွဲ့သည် တကုန်းကြီးကျေးလက်ကျန်းမာရေးဌာနသို့သွားရောက်ခဲ့ပြီး ကျန်းမာရဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေသည့်အခြေအနေများမေးမြန်းခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောက်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပန်းတနော်မြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တာပါတ်ကလေး-တာပတ်ကြီး (အင်းမ-ကြံတော)ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကုမ္ပဏီမှတာဝန်ရှိသူတစ်‌ဦးက လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား  တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီးနောက်  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ပန်းတနော်မြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်  ဆောင်ရွက်သောလမ်းဖြစ်ပြီး အရှည်(၀/၄.၅)မိုင်၊ အကျယ် ၁၂ ပေ၊ ထုထည် ၇ လက်မရှိကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေးမျက်နှာမြို့နယ်၊ပန်းတောကြီးကျေးရွာ၌ ပြုလုပ်သည့် ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့် အတူတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါလမ်းသည်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊‌လေးမျက်နှာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး‌ဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ပြည်သူများမှ ပူးပေါင်းပါဝင်ငွေများဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၆၄၅ပေ၊အကျယ်၈ပေနှင့် ထု၇ လက်မရှိကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံ၍ ရာနှုန်းပြည့်အောင်မြင်စေရေးကြိုးစားကြရန်၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသားမိဘများအားလုံးကြိုးစားပေးကြရန် အားပေးစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊မယင်းကူးကျေးရွာအုပ်စု တောင်သူဦးမောင်မောင်သော်၏ နေကြာ(ဆင်းရွှေကြာ-၂) ၅ဧက၊ ဆိုလာစနစ်ဖြင့်ရေတင်စိုက်ပျိုးထားရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါး(GW-11) ၄၂ဧကနှင့်ပဲတီစိမ်းဧက၂၀၀ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အထွက်နှုန်းတိုးတက်စေရေးနှင့် ပိုမိုတိုးချဲ့စိုက်ပျိုးစေရေး၊ သဘာဝမြေသြဇာများပိုမိုသုံးစွဲစေရေးမှာကြားခဲ့သည်။

ယင်းနောက် မအူကုန်း ကျေးရွာအုပ်စု၊ဒေါင့်မှန်ကျေးရွာ ဦးမောင်မောင်သော်၏ တနိုင်တပိုင်ပြာစိမ်းနွားမွေးမြူရေးခြံသို့သွားရောက်ကြည့်ရှုစစ်ဆေးပြီးပြာစိမ်းနွားမျိုးကောင်းမျိုးသန့်များကိုမွေးမြူဖြန့်ဖြူးရောင်းချပေးနေမှုများရှင်းလင်းတင်ပြမှုအပေါ်  နို့စားနွားများပါမွေးမြူနိုင်ရေးနှင့် တိရိစ္ဆာန် စွန့်ပစ်ပစ္စည်းများဖြင့် လယ်ယာအတွင်းသို့ မြေဩဇာများအဖြစ် ထည့်သွင်းစိုက်ပျိုးနိုင်ရေးတို့အား တွင်ကျယ်စွာဆောင်ရွက်သွားရန် မှာကြားခဲ့ကာ မွေးမြူရေးခြံသုံးဆေးဝါးပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ဆီဆုံကုန်းကျေးရွာအုပ်စု၊ဆီဆုံကုန်းကျေးရွာကုန်ထုတ်လမ်းအမှတ်(၁)(၂)(၃)(၄)အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာကုန်ထုတ်လမ်းအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ရေကြည်မြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်း(၄)လမ်း၏ စုစုပေါင်းအရှည်မှာ (၁မိုင်၊၀.၆၈ဖာလုံ)အကျယ်(၁၂)ပေနှင့် ထု(၉)လက်မရှိသော မြေရောကျောက်ခင်းလမ်းဖြစ်ကြောင်းသိရသည်။ ထိို့နောက် တောင်သူဦးနိုင်ဝင်းဆွေ၏ လယ်မြေ ၅ဧကတွင် နေကြာ (ဆင်းရွှေကြာ-၁) ဖြစ်ထွန်းအောင်မြင်မှုများကိုကြည့်ရှုအားပေးခဲ့ပြီး မြေသြဇာကျွေးခြင်း၊ ရေပေးခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်စေရေးမှာကြားခဲ့သည်။ 

ယင်းနောက် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ရေကြည်မြို့၊မြို့ရပ်ကွက်၊ဂိုဒေါင်လမ်းကတ္တရာထပ်ပိုးလွှာလမ်းသစ်အား ဆက်လက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကတ္တရာထပ်ပိုးလွှာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင်ရေကြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၁၄၀၀)ပေ၊အကျယ်(၁၂)ပေရှိကြောင်းသိရသည်။

10-Feb-2023