တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးမွေးမြူရေးလုပ်ငန်းရှင်များ၊ စိုက် ပျိုးရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ



ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၁)၌မွေးမြူရေးလုပ်ငန်းရှင်များ၊ စိုက် ပျိုးရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာများ၊စိုက်ပျိုး မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါး၊ ပဲမျိုးစုံအပါအဝင် ဆီထွက်သီးနှံများ စိုက်ဧက ပြည့် မီရေး၊အထွက်နှုန်းတိုးရေးစီမံချက်များရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆီစက်များ အဆင့်မြှင့်တင်လည်ပတ်နိုင်ရေး လိုအပ်သည်များကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရိုးပြက်ကျန်ဧကများတွင် စပါးနှင့်အခြားသီးနှံများစိုက်ပျိုးနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နေကြာနှင့်ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပျော့ဖတ်အတွက်ဝါးနှင့်သစ်မာတိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ၏ ဓာတ်မြေသြဇာလိုအပ်ချက်များအပေါ် သဘာဝမြသြဇာ၊ ဇီဝမြသြဇာ၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) များပိုမိုထုတ်လုပ်အသုံးပြုနိုင်စေရေးနှင့် လာမည့်မိုးစပါးစိုက်ပျိုးရာတွင် ပိုက်ဆံလျှော် ဧက တစ်သိန်းထည့်သွင်းစိုက်ပျိုးနိုင်ရေးနှင့် နောင်နှစ်များတွင်းရေတော်မိုးတော် မိုးစပါးစိုက်ဧကအပြည့် ပိုက်ဆံလျှော်ထည့်သွင်း စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧက၁၀၀ တင်း၁၀၀စံပြကွက်များဖော်ထုတ်၍ တောင်သူများသို့နည်းပညာ၊အသိပညာပေးလုပ်ငန်းများပိုမိုတွင်ကျယ်စွာဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပေါ်ဆန်းစပါးအရည်အသွေးကောင်းမွန်စေရေးနှင့်စျေးကွက်ရရှိစေရေးသုတေသနပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းနှင့်ကမ်းနီးကမ်းဝေးငါးဖမ်းခြင်းအပြင်သားငါးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိပြီး
ပြင်တွင်းတွင်သာမက ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့်တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်စေရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက “ဓာတ်မြေသြဇာထုတ်လုပ်ဖြန့်ဖြူးမှု၊ တင်သွင်းဖြန့်ဖြူးမှုအခြေအနေများ၊ ဧက၁၀၀တင်း၁၀၀စံပြကွက်များထူထောင်၍ ပန်းတိုင်အထွက်နှုန်းများပြည့်မီကျော်လွန်စေရေးဆောင်ရွက်နေမှုအခြေအနေများ၊ ဆီထွက်သီးနှံနေကြာ၊ ကော်ဖီ၊ဝါးစိုက်ပျိုးခြင်းလုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေး ကူညီထောက်ပံ့ဆောင်ရွက်ပေးမည့်အခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများအဆင့်မြှင့်တင်မွေးမြူနိုင်ရေးကြိုးစားဆောင်ရွက်နေမှုအခြေအနေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အရင်းမပျောက်မတည်ထောက်ပံ့ငွေထောက်ပံ့ပေးမည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး/ပဲတီစိမ်းသီးနှံများ စိုက်ပျိုးရန်အတွက် ဆောင်ရွက်ထားရှိမှု လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့ပြီး ၊မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးခဲ့သည်။ဆက်လက်၍ မွေးမြူရေးလုပ်ငန်းရှင်များကိုယ်စားလုပ်ငန်းရှင်(၁)ဦးကလည်းကောင်း၊စိုက်ပျိုးရေးလုပ်ငန်းရှင်များကိုယ်စား လုပ်ငန်းရှင်(၁)ဦးကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက လိုအပ်သည်များဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။