ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနားနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ့ဆုံပွဲ အခမ်းအနား နှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)အား ယနေ့မွန်းလွဲပိုင်း က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနများမှ ကော်မတီဝင်များနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲ အခမ်း အနားတွင် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီ တိုင်းဒေသကြီးရှိ ကမ်းခြေခရီးသွားလုပ်ငန်းဖြစ်သော ငွေဆောင်နှင့် ချောင်းသာ ကမ်းခြေနှစ်ခုတွင် ၂၀၁၉ခုနှစ်တွင် ခရီးသွား ၆သိန်းခွဲခန့် ဝင်ရောက်ခဲ့ပြီး ၂၀၂၂ခုနှစ်တွင်နိုဝင်ဘာလကုန်အထိ ခရီးသွား ၇သိန်း၁သောင်းကျော် ဝင်ရောက်ခဲ့ပါကြောင်း၊ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်တွင်း/ ပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန်အတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင်လည်း အကောင်းဆုံးဝန်ဆောင်မှုများပေးခြင်း၊ ကမ်းခြေဒေသ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်း စသည့် ခရီးသွားဧည့်သည်ဆွဲဆောင်ရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခရီးစဉ်အသစ်များ ဖော်ဆောင်ရန်အတွက်လည်း သက်ဆိုင်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်းနှင့်အတူ  ခရီးသွားများ လာရောက်လည်ပတ်ရန်အတွက် ဆင်စခန်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်လာပြီ ဖြစ်သဖြင့် ကမ်းခြေဒေသ ခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကမ်းခြေဒေသများသို့ ခရီးသွားများဝင်ရောက်မှုအား စစ်တမ်းကောက်ယူ၍ စနစ်တကျ မှတမ်းပြုစုသုံးသပ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကမ်းခြေ သန့်ရှင်းသာယာလှ‌ပစေရေး ဝိုင်း၀န်းဆောင်ရွက် ကြရန်လိုပါကြောင်း၊ ဒေသထွက်ကုန်ကြမ်းများ အပေါ် အခြေခံသည့် စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများကို အဆင့်မြင့်ထုတ်လုပ်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး ပူပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းရှင်များကလည်း အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များ ကို ထုတ်လုပ်ရန်လိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး Barrier Free Tourism လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားကြရန် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဖြစ်သည့် အတွက် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် Agri Based Tourism Farming Based Tourism တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆောင်ရွက် သွားကြ ရမှာ ဖြစ်ပါကြောင်း၊ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် HGLMSစနစ်အား အပြည့်အဝတပ်ဆင်သုံးစွဲနိုင်ရေးကိုလည်း ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း”ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကော်မတီ ဝင်များနှင့် ဌာနဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ခရီးသွား လုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးတင်ပြချက်များအပေါ်  တိုင်းဒေသကြီး ဝန်ကြီးချုပ် က  ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၂/၂၀၂၂)အား ပြုလုပ်ခဲ့ရာ လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားတင်ပြလာသော  ဟိုတယ် (၃)လုံး၊ အခန်းတိုးချဲ့တည်ဆောက်ခွင့်ပြုရန်တင်ပြလာသော ဟိုတယ်(၃)လုံး တို့ နှင့် ပတ်သက်၍ ကော်မတီမှ ဆွေးနွေးဆုံးဖြတ်ခြင်း၊  တိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ် နိုင်ရေး ဆွေးနွေးခြင်း၊ ခရီးသွားနေရာများ နှင့် ခရီးစဉ် ဒေသသစ်များကို အများပြည်သူ ကျယ်ပြန့်စွာ သိရှိနိုင်ရေး ရုပ်သံအစီအစဉ်များ ရိုက်ကူး၍ ထုတ်လွှင့်ခြင်းများ ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

07-Dec-2022