တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲအား ကြည့်ရှုအားပေး



ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊သင်္ချာစွမ်းရည်ပြိုင်ပွဲအား ဒီဇင်ဘာလ ၄ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာမူလတန်း၊အလယ်တန်း၊ အထက်တန်းကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘများ နှင့်အတူ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲသည် တိုင်းဒေသကြီးအဆင့်ပြုလုပ်သောပြိုင်ပွဲဖြစ်ပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲအား အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးကလည်းကောင်း၊ သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးကလည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲအား ယမန့်နေ့ကကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။