ပုသိမ်မြို့၌အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားအား ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မသန်စွမ်းသူများ တက်ရောက်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် (၄၇/၃)ဖြင့် ၁၉၉၂ ခုနှစ်မှစ၍ မသန်စွမ်းသူများအား စာနာထောက်ထားရေး၊ စိတ်ဓာတ်မြှင့်တင်ရေးနှင့် ဂုဏ်သိက္ခာမြှင့်တင်ရေး တို့ကို ရည်ရွယ်ပြီး နှစ်စဉ် ဒီဇင်ဘာလ (၃)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ နေ့ကို ကျင်းပခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် ချမှတ်ထားသည့်ဆောင်ပုဒ်မှာ “အားလုံးပါဝင်ဖွံ့ဖြိုးဖို့ ဆန်းသစ်တီထွင်အဖြေရှာစို့၊ အားလုံးလက်လှမ်းမီ ညီမျှရေး၊ တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက်ပေး”ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်အရ မသန်စွမ်းသူများအနေဖြင့် လူမှု အသိုက်အဝန်းထဲ၌ လူ့ဂုဏ်သိက္ခာရှိရှိ ပါဝင်ဆောင်ရွက်ခွင့်ရရှိရန် မသန်စွမ်းသူများအတွက် ခေတ်မီနည်းပညာများ တီထွင်ဖန်တီးပေးရန် လိုအပ်ကြောင်း၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကိုလေးစားမှုရှိရေးအတွက် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကို ပြဌာန်းခဲ့တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့ တွင် လက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများရဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကွန်ဗင်းရှင်းနဲ့အညီ မသန်စွမ်းသူများဥပဒေကို ၂၀၁၅ ခုနှစ် နှင့် နည်းဥပဒေကို ၂၀၁၇ ခုနှစ်တို့ကို  ပြဌာန်းခဲ့ပြီး မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်းချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ ကောင်းကျိုးစီးပွား ရရှိရန်နှင့် လူအဖွဲ့အစည်း၌ လူတန်းစေ့ ပါဝင်ဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ၏ မွေးရာပါအခွင့် အရေးတစ်ရပ်ဖြစ်သည့် ပညာ သင်ကြားခွင့်ကို ရရှိဖို့လိုအပ်သည့်အတွက် "လူတိုင်းအကျုံးဝင်ပညာရေး” Inclusive Education ကို ပညာရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းကလေးများ အတန်းပညာ သင်ကြားမှု၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုပွင့်လန်းစေခဲ့သည့် အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးခြင်း စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာပြီး လူနေမှုဘဝများ တိုးတက်လာနိုင်သည့်အတွက် ဘဝမှာ ပျော်ရွှင်ချမ်းမြေ့စွာ ရပ်တည် နေနိုင်မှာဖြစ်ပါကြောင်း၊ ယနေ့မျက်မှောက်ခေတ်တွင် မသန်စွမ်းမှုနှင့် မသန်စွမ်းသူများ၏ အရေးကိစ္စများကို ရှုထောင့်အသစ်၊ အမြင်သစ်များဖြင့် သိရှိနားလည် သဘောပေါက်ရန် ကြိုးစားလာကြပြီ ဖြစ်ပါကြောင်း၊ ခေတ်မီတိုးတက်သော ကမ္ဘာကြီးတွင် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ခွင့်ရရှိရန်နှင့် အခြားသူများနည်းတူ တန်းတူညီမျှ အကျိုးရလဒ်များ ရရှိခံစားနိုင်စေရန်လည်း သက်ဆိုင်ရာဌာနများနှင့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက အလေးထားဂရုပြု ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း"ပြောကြားပြီး အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ပထမဆုရရှိသူများ အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ သဝဏ်လွှာနှင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများအရေးနှင့် ပတ်သက်သည့်Video Clip များအားလည်းကောင်း၊ အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူတစ်ဦး၏ ဖျော်ဖြေမှုအားလည်းကောင်း  ကြည့်ရှုအားပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူး ခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့် အချိန်ပိုသင်ကြားပို့ချပေးလျှက်ရှိသည့် ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍  ဆရာ၊ဆရာမ များ၏ သင်ကြားမှုများအား အလေးအနက်ထား မှတ်သားလေ့လာသင်ယူကြရန်၊ စနစ်ဟောင်း၏ နောက်ဆုံးအခွင့်အရေးဖြစ်၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားဖြေဆိုကြရန် ပြောကြားခဲ့သည်။

03-Dec-2022