ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ





တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ဌာနဆိုင်ရာများ၊ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲမစတင်မီ တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးသည်။ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီးအတိုင်း ကိုးသိန်းအားကကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။အဆိုပါစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအပါအဝင် အင်အား (၁၉၀၀)ဦးခန့်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
ပုသိမ်မြို့နည်းတူ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အသီးသီး၌လည်း ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်းပါဝင်၍ စုပေါင်းလမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။