ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်နှင့် ကျုံပျော်ခရိုင်အတွင်းရှိ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မအူပင်ခရိုင်နှင့် ကျုံပျော်ခရိုင်သို့ သွားရောက်၍ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာတွင်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက် သည့် အလျား ၁၅၅၀ပေ၊ အကျယ် ၁၀ ပေနှင့် ထု ၈ လက်မရှိ ကျေးရွာကုန်ထုတ်ကွန်ကရစ်လမ်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  ဆောင်ရွက်သည့် အနောက်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း(မြို့သစ် ၄ လမ်းမှ ၈ လမ်းကြား)အရှည် ၇၅၀ ပေ၊ အကျယ်၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအား တာဝန်ရှိသူများနှင်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ကဇင်းငူကျေးရွာအုပ်စု၊ စံချောင်းကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သည့် အလျား ၁၁၅၀ ပေ၊ အကျယ် ၂ ပေ ၆ လက်မ နှင့် ထု ၆ လက်မရှိ ကွန်ကရစ်ဘီးလမ်းအား တာဝန်ရှိသူများနှင့်အတူ တက်ရောက် ဖွင့်လှစ်ပေးပြီး စံချောင်းသာသနာ့ဗိမာန်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုကာ အလှူငွေများဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ယနေ့မွန်းလွဲပိုင်း၌ ပန်းတနော်မြို့နယ်၊ ကျောင်းစိပ်ကျေးရွာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန(ရေအရင်းအမြစ်)မှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ၄ လက်မ သောက်သုံးရေ စက်ရေတွင်းအား တာဝန်ရှိသူများ နှင့်အတူ ဖွင့်လှစ်ပေးပြီး ကျေးရွာကော်မတီဝင်တစ်ဦးထံသို့ စက်ရေတွင်းနှင့် ပတ်သက်သည့် စာရွက် စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် သောက်သုံးရေစက်ရေတွင်း၊ ရေကန်နှင့် solar panel အားကြည့်ရှုစစ်ဆေးသည်။ အဆိုပါစက်ရေတွင်းတူးဖော်ပေးမှုကြောင့် ကျေးရွာရှိ လူဦးရေ ၃၇၉ ဦးအား သောက်သုံးရေ ရရှိအကျိုးပြုနိုင်မည်ဖြစ်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ကညင်သုံးဆင့်ကျေးရွာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန(ရေအရင်းအမြစ်)၏ အောင်မင်္ဂလာရိုး လျှပ်စစ်ရေတင်လုပ်ငန်းဖြင့် လယ်ဧက(၈၀)၌ ဆင်းသုခစပါးအမျိုးအစား နွေစပါးစိုက်ပျိုးရန်အတွက် ထွန်ယက်နေမှု၊ ပျိုးထောင်ထားရှိမှုနှင့် စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းများ၊ ဈေးကွက်အတွင်းရောင်းချမှုအခြေအနေများအား မေးမြန်းခဲ့ပြီး အထွက်တိုး မျိုးကောင်းမျိုးသန့်များသုံးစွဲကြရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေ သြဇာများကို အချိုးကျသုံးစွဲကြရန်၊ မိရိုးဖလာ စိုက်ပျိုးနည်းများအပြင် ခေတ်မီစိုက်ပျိုး နည်းစနစ်များ၊ စက်ကိရိယာများ အသုံးပြုဆောင်ရွက်ကြရန်နှင့် ပန်းတိုင်အထွက်နှုန်းများ ရရှိအောင် ကြိုးစား ဆောင်ရွက်က်ပေးကြရန်”လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

02-Dec-2022