ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြခရိုင်အတွင်းရှိ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မြောင်းမြခရိုင်သို့ သွားရောက်၍ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ တောင်သူ ဦးစိန်မောင်သန်း၏ လယ်မြေ (၈.၈၁) ဧက၌ ပြုလုပ်သည့် ဆင်းရွှေကြာ-၁ စပ်မျိုးနေကြာ အား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးသရုပ်ပြပွဲ နှင့် ဆိုလာစနစ်ဖြင့် ရေပေးစိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးကာ နေကြာစိုက်တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကု၊ ခွဲစိပ်အထူးကု၊ သွားနှင့်ခံတွင်းအထူးကု၊ အရေပြား အထူးကု၊ မျက်စိအထူးကု၊ အရိုးအကြောအထူးကု၊ ကလေးအထူးကု၊ နားနှာခေါင်းနှင့်လည်ချောင်း အထူးကု၊ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများက ပြည်သူများအား ဆေးကုသပေးနေမှုအား ကြည့်ရှုအားပေးပြီး လာရောက်ကုသပေးသည့် အထူးကုဆရာဝန်ကြီးများအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။

ဆက်လက်၍ အိမ်မဲမြို့ပြည်သူ့ဆေးရုံဝန်း၌ မွေးခန်းနှင့်ခွဲစိပ်ခန်းအပါ တိုးချဲ့နှစ်ထပ်ဆောင် အလျား ၉၇ပေ၊ အနံ၆၀ပေ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရန်လိုအပ်သလို အချိန်မီ ပြီးစီးရန်လည်းလိုအပ်ကြောင်းနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးနှင့်  အဆောက်အဦ ဆောက်လုပ်နေမှုအား သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက အလေးထားကြပ်မတ်စစ်ဆေးရန် ”လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ ကညင်ကွင်းကျေးရွာအုပ်စု၊ အနောက်စုကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် အလျား၁၂၇၀ပေ၊ အကျယ်၈ပေနှင့် ထု၆လက်မရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းဖွင့်လှစ်ခြင်းကြောင့် အနောက်စုကျေးရွာရှိ အိမ်ခြေ(၁၀၁)အိမ်မှ လူဦးရေ (၃၇၉)ဦးအတွက် သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာအုပ်စု၊ ကြခတ်ကုန်းကျေးရွာရှိ Kubota လယ်ယာသုံးပစ္စည်းအရောင်းပြခန်းသို့ ရောက်ရှိပြီး ကြခတ်ကုန်းကျေးရွာ မီးလင်းရေးအတွက် 400V ဓာတ်အားလိုင်းသွယ်တန်း ဆောင်ရွက်ရန် Kubota လယ်ယာသုံး ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီမှ လှူဒါန်းသောပစ္စည်းများ၊ ကုမ္ပဏီမှပြသထားသော ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များအားကြည့်ရှုခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းများ၊ ဈေးကွက်အတွင်းရောင်းချရမှု၊ ပဲအမျိုးမျိုးနှင့် နေကြာစိုက်ပျိုးနေမှုများနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တောင်သူများက ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြောင်းအလျား ၂.၅၁၉မိုင်၊ ထိပ်ဝအကျယ်၂၀ပေ၊အောက်ခြေအကျယ်၆ပေနှင့် ပျမ်းမျှအနက် ၇ပေရှိ ရွှေလောင်းကျွန်းအတွင်းရှိ မွန်ချောင်းမြောင်းနှင့် လက်ခွဲမြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရန် နှင့် အချိန်မီပြီးစီးရန်၊ စိုက်ပျိုးရေအား တောင်သူများ အကျိုးရှိရှိ အသုံးချရန်၊ ဆိုလာစနစ်ဖြင့် ရေတင်နိုင်ရေး ဆောင်ရွက်ကြရန်ညွှန်ကြားခဲ့ပြီး ဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍  တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ မြောင်းများ တူးဖော်ပြီးစီးပါက အနီးပတ်ဝန်းကျင်ကျေးရွာများမှ လယ် ဧက ၈၀၀ အား အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

02-Dec-2022