ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်

နေပြည်တော်၌ကျင်းပပြုလုပ်မည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြပါသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား အုပ်ချုပ်သူနည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမား များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူတစ်ဦးမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းသည် (၈)ခရိုင် ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ပြီး ရွေးချယ်ထားသည့် လက်ရွေးစင်ကစားသမားများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ အမျိုးသမီးဘောလုံးအားကစား အသင်းသည် အောင်မြင်မှုအစဉ်အလာ ကောင်းသည့် အသင်းဖြစ်ကြောင်း၊ ဘော်လီဘော ပြိုင်ပွဲဝင် ကစားသမားများအနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း ခရိုင်အသီးသီးမှ လက်ရွေးစင် ကစားသမားများ ရွေးချယ်ထားခြင်းဖြစ်သောကြောင့် ယခင်ကထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အသင်းအဖွဲ့ စိတ်ဓာတ်၊ အချိတ်အဆက် မျှမျှတတဖြင့် ကြိုးစားယှဉ်ပြိုင် သွားကြရန်၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် နှင့် အာဟာရပြည့်ဝသည့် အစားအစာများကို စားသောက်ကြဖို့ လိုပါကြောင်း၊ အသင်းအုပ်ချုပ် သူများအနေဖြင့်လည်း စည်းကမ်းစနစ်တကျ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်အောင် ကြိုးစားကြရန် ပြောကြားပြီး ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံး အသင်းနှင့် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။