ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လောင်စာတောင့်စက်ရုံကြည့်ရှုစစ်ဆေး



ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းလေးကျေးရွာရှိ SSBE(Myanmar) Group Company Limited လောင်စာတောင့်စက်ရုံသို့ရောက်ရှိ၍ စပါးခွံလောင်စာအသုံးပြု ဘွိုင်လာမှ တာဘိုင်အားလည်ပတ်စေပြီး လျှပ်စစ်ဓာတ်အားထုတ်ယူပုံ အဆင့်ဆင့်အားလည်းကောင်း၊ စက်ရုံအတွင်း လျှပ်စစ်ဖြန့်ဝေပေးပို့သည့် ထိန်းချုပ်ခန်းအားလည်းကောင်း၊ လောင်စာတောင့်ထုတ်လုပ်ရန် စပါးခွံနှင့် မြေပဲခွံများအား အမှုန့်ကြိတ်ခြင်း၊ ရောနှောခြင်းနှင့် လောင်စာတောင့် ထုတ်လုပ်ခြင်းတို့၌ အသုံးပြုသည့် စက်ကိရိယာများ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့အားလည်းကောင်း လှည့်လည်ကြည့်ရှုကာ သိရှိလိုသည်များ မေးမြန်းခဲ့ရာ စက်ရုံတာဝန်ရှိသူများမှ လိုက်လံရှင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအစည်းအဝေးခန်းမသို့ရောက်ရှိ၍ စက်ရုံတာဝန်ခံမှ စက််ရုံလည်ပတ်မှုအေခြအေနများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စျေးကွက်ရရှိမှုအခြေအနေများ၊ စျေးကွက်တင်ပို့မှုအေခြအေနများ၊ ကုန်ကြမ်းရရှိမှုအခြေအနေများ၊ စက်ရုံစွန့်ပစ်စပါးခွံလောင်စာများမှ မြေဩဇာထုတ်လုပ်နိုင်မည့်အခြေအနေများ၊ ကုမ္ပဏီ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဥ်များအားမေးမြန်းခဲ့ပြီး ကုမ္ပဏီတာဝန်ခံမှ အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လောင်စာတောင့်များကို အရည်အသွေးပြည့်မီအောင်ထုတ်လုပ်မှစျေးကွက်တွင်စျေးကောင်းရရှိမည်ဖြစ်ကြောင်း၊ စက်ရုံအား ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် စက်ရုံစွန့်ပစ်ပစ္စည်းများမှ သဘာပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။