ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်များမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောင်းမြခရိုင်အတွင်းသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာရှိ တောင်သူဦးမျိုးသန့်၏ လယ်မြေ၌ပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ဆောင်းသီးနှံ(နေကြာ)စိုက်နည်းစနစ် ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အူကျွန်း-ရေလိန်လမ်း (၁မိုင်၀.၄ဖာလုံ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းလုပ်ငန်းများ ပြီးစီးစေရေးနှင့် လမ်းပုခုံးများ စနစ်ကျကောင်းမွန်ရေးတို့အား တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ထို့နောက် မြောင်းမြမြို့နယ်၊ကျုံဝါးကျေးရွာ၊တောင်သူ တောင်သူဦးဇော်ဝင်း၏ လယ်ဧက(၁၆)ဧက၌ ရက် ၉၀ အမျိုးအစားနှင့် GW-11 အမျိုးအစား နွေစပါး စိုက်ပျိုးရန်အတွက် စုပေါင်းထွန်ယက်နေမှုအား ကြည့်ရှုအားပေးကာ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိုးစပါးတစ်ဧကအထွက်နှုန်း၊ ဈေးကွက်အတွင်းရောင်းချရမှုများနှင့် ဓာတ်မြေဩဇာ သုံးစွဲမှုတို့အား မေးမြန်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့သည့် မြကန်သာရပ်ကွက်၊ဒိုဘီကုန်းဈေး ကွန်ကရစ်လမ်းသစ် (၁၁၀၀'×၁၂'×၆") အား တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုလုပ်ငန်းစဉ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ “မိမိတို့တိုင်းဒေသကြီး၌ နွေစပါးဧက ခြောက်သောင်းကျော်နှင့်ပဲတီစိမ်းဧက ၆သောင်းကျော်စိုက်ပျိုးပြီးစီးနေပြီဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးတွင် သွင်းအားစုများ ရရှိစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ စပါးနှင့်ပဲတီစိမ်း အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊မိမိတို့တိုင်းဒေသကြီးတွင်ရိုးပြတ်ကျန် ဧက လျော့နည်းစေရေးအတွက် ယခုနှစ်တွင် ဧက၂သိန်းခန့်တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ရရှိမည့် ရန်ပုံငွေများဖြင့် ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်း၊လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း”ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက တောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်မည့် အခြေအနေများ၊ဆွေးနွေးတင်ပြချက်များနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းမှာကြားပြီး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။