အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၊မြို့တော်ခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားအား ယနေ့ညနေပိုင်းကပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြသည်။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“၁၉၉၁ ခုနှစ်ကစပြီး နှစ်စဉ်နိုဝင်ဘာလ (၂၅)ရက်ကို အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုရပ်တန့်ရေးနေ့ (Elimination of Violenceagainst Women Day ) (ဖဲကြိုးဖြူ နေ့)ကို ကျင်းပခဲ့ကြပါကြောင်း၊ ဖဲကြိုးဖြူကိုတပ်ဆင်ရခြင်း အဓိပ္ပာယ်သည် အမျိုးသမီးတွေအပေါ်ကိုယ်တိုင်လည်း အကြမ်းမဖက်ဘူး၊ အကြမ်းဖက်မှုတွေကိုလည်းတတ်နိုင်သမျှ ကာကွယ်တားဆီးပေးမယ်လို့ ဆိုလိုခြင်းဖြစ်ပါကြောင်း၊အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုသည် လူ့အဖွဲ့အစည်းတိုင်းတွင် ရှိနေသကဲ့သို့ မတူညီသောအခြေအနေများ၌ မတူညီသောပုံစံများဖြင့်ရှိနေပါကြောင်း၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လှုံ့ဆော်မှုများသည် အိမ်တွင်းအကြမ်းဖက်ခံရမှုအပေါ် အာရုံစိုက်လာပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအား လျော့နည်း ပပျောက်သွားစေမှာဖြစ်ပါကြောင်း၊ပြဿနာဆိုသည်မှာ မဖြစ်ခင်ကြိုတင်တားဆီးနိုင်မှ ဆုံးရှုံးနစ်နာမှုမရှိမှာဖြစ်ကြောင်း၊ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုဆိုပြီး နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်ပေးရာတွင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုရှိရန် အရေးကြီးပါကြောင်း၊ သင်တန်းကျောင်း၌ စောင့်ရှောက်သူများထက် ရပ်ရွာထဲ၌ စောင့်ရှောက်ထားသည့်သူများအတွက် လုံခြုစိတ်ချမှုရှိစေရန် ရပ်ရွာ၌ရှိသည့် အုပ်ချုပ်သူများ၊ရပ်မိ၊ရပ်ဖများက အလေးထားပြီး ဝိုင်းဝန်းစောင့်ရှောက်ရမှာ ဖြစ်ပါကြောင်း၊ထို့အပြင် အကြမ်းဖက်ခံရသူအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးမှု၊နှစ်သိမ့်ဆွေးနွေးပေးမှု၊ကျန်းမာရေးဝန်ဆောင်မှု၊ ဥပဒေရေးရာဝန်ဆောင်မှု၊ လူမှုရေးဝန်ဆောင်မှုနှင့် နားခိုရန်နေရာတို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာအချင်းချင်းချိတ်ဆက် ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ အကြမ်းဖက်ခံရသောအမျိုးသမီးများ နားခိုရန် center ကိုတည်ဆောက်နိုင်ဖို့ မြေနေရာချထားပေးပြီးဖြစ်ကြောင်း၊ယနေ့ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုသည် နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက် နေ့အထိသာလှုပ်ရှားမှု မဟုတ်ဘဲ အသက်ရှင်နေသည့်ကာလ တစ်ေလျှာက်လုံး အကြမ်းဖက်မှုကင်းဝေးပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ၌ ပါဝင်ဆောင်ရွက်ခွင့် ရရှိရေး ပံ့ပိုးကူညီဆောင်ရွက်သွားရမှာဖြစ်ပါကြာင်း၊ ယခုနှစ်၏ဆောင်ပုဒ်ဖြစ်သော " အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး" ဆိုသကဲ့သို့ အားလုံးပူးပေါင်း ဆောင်ရွက်မှသာလျင် ကျား၊ မ တန်းတူညီမျှမှု မြင့်တက်လာပြီး ခွဲခြားဆက်ဆံမှု ပပျောက်ကာ အကြမ်းဖက်မှုများ လျော့နည်းပပျောက်မည်ဖြစ်ပါကြောင်း”ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ဆောင်းပါးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူတစ်ဦးအား ဆုချီးမြှင့်ခဲ့ပြီး အမျိုးသမီးများ ဘဝတစ်လျောက် အကြမ်းဖက်ခံရမှုနှင့်ပတ်သက်သည့် အသိပညာပေး Video Clip ပြသမှုအားကြည့်ရှု၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရသည်။