ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်သူအခြေပြုရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျှက် ကျောင်းကုန်းမြို့နယ်၊ ပေါက်ဆိန်ပဲ့ကျေးရွာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ပြည်သူအခြေပြုရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က "နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများအကြားကွာဟချက် ကျဉ်းမြောင်းစေရေးတို့အတွက် ဘက်စုံ၊ ကဏ္ဍစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေနဲ့ ကျောင်းကုန်း၊ မြောင်းမြ၊ ဒေးဒရဲမြို့နယ်အတွင်းက ကျေးရွာ(၁)ရွာစီမှာ “ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေး စီမံကိန်း”ကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကျေးရွာသူ/သားများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိလာစေပြီး တစ်ကိုယ်ရည်ကျန်းမာရေးနှင့် သန့်ရှင်းရေး အတွက်လည်း များစွာ အကျိုးကျေးဇူးရရှိစေနိုင်သည့်အပြင် အိမ်သွယ်ရေတိုင်တပ်ဆင်ခြင်း အားဖြင့်လည်း ရေလေလွင့် ဆုံးရှုံးမှုနည်းပါးလာမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်အမျိုးသားရေးလုပ်ငန်းစဥ် ၂ ရပ် ဖြစ်သည့်တိုင်းပြည်သာယာ၀ပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး နွေစပါးနှင့် ပဲတီစိမ်းစိုက် တောင်သူများကို သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ပေးနေပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ရိုးပြတ်ကျန် ဧကများပေါ်တွင် နွေစပါး၊ ပဲ၊ ဆီထွက်သီးနှံနေကြာများ ပိုမိုတိုးချဲ့ စိုက်ပျိုးကြရန်၊ မိမိတို့တိုင်းဒေသကြီး စားသုံးဆီဖူလုံမှုရှိစေရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်" ပြောကြားခဲ့သည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးဦးစီးမှူးတို့က စီမံကိန်းလုပ်ငန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ကြပြီး ကျေးရွာဒေသခံကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ စီမံကိန်း ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာပက်ဖြန်းပေးခဲ့ကာ အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ ရေကြည်ဦး ရိပ်သာသို့ရောက်ရှိ၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ဆီဆုံကုန်း-ကြို့ကုန်း-လှေဆွဲရိုး-မဲဇလီကုန်းလမ်း (၂ မိုင် ၇.၂ ဖာလုံ) ဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ကျုံပျော်ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးတို့က ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။