(၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကျင်းပ

(၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်း အမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မူကြိုရင်သွေးငယ်များနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၌ ကလေးသူငယ်များ၏ အခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးသကဲ့သို့ အခွင့်အရေးများအပြည့်အဝရရှိအောင် ကာကွယ်စောင့်ရှောက်မှုများလည်း ပြုလုပ်ပေး လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းသာမက နိုင်ငံတော်၏ ဦးတည်ချက်များ၊ ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်(၁၇)ရပ်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ အာဆီယံသဘောတူညီချက်နှင့် လုပ်ငန်းအစီအစဉ်များ အစရှိသည်တို့ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ မူဝါဒများနှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော် နိုင်ရေးကို ကြိုပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးများ အသက် ရှင်သန်ဖို့၊ ဦးနှောက်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ရန် ကျန်းမာရေးသည် အရေးကြီးတဲ့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာကို ချမှတ်ပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာဗျူဟာထဲတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်၂နှစ်အထိ ကလေးငယ်များ အာဟာရအတွက် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်လည်းပါဝင်ပါကြောင်း၊ ကလေးငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဆက်လက်ထုဆစ် ပုံဖော်ကြမည့် မျိုးဆက်သစ်များဖြစ်ပြီး နိုင်ငံတော်အတွက် အရေးကြီးဆုံး၊ တန်ဖိုးအရှိဆုံး လူသားအရင်းအမြစ်များဖြစ်ပါကြောင်း၊ ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ခြင်းသည် အနာဂတ်နိုင်ငံကို ပုံဖော်ခြင်းပါကြောင်း၊ ယခုနှစ် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ဆောင်ပုဒ်သည် "အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက်ဆောင်ရွက်စို့" ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ကလေးများတွေ့ကြုံ နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်း ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း”တိုက်တွန်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ မူလတန်းကြိုကျောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်ထူကိုယ်ထမူကြိုကျောင်း၊ ပုသိမ်မြို့ ကလေးပြုစုရေးဌာနနှင့် အမှတ်(၁)ရပ်ကွက် မိခင်ဝိုင်းတို့မှ ရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ ကလေးငယ်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်းသိရသည်။

18-Nov-2022