ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့ အခြေခံပညာအထက်တန်း ကျောင်းသား ကျောင်းသူဟောင်းများ၏ (၃၆)ကြိမ်မြောက် အာစရိယပူဇော်ပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူဟောင်းများ၏ (၃၆)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားအား တက်ရောက်ပူ‌ဇော်ကန်တော့၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့သည်။

ဦးစွာ အာစရိယပူဇော်ပွဲ အခမ်းအနားအား ကျောင်းသား၊ကျောင်းသူဟောင်းနှစ်ဦးက“အိုဘယ့်မြတ်ဆရာ”သီချင်းဖြင့် ပူဇော်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ရေကြည်မြို့အခြေခံပညာအထက်တန်းကျောင်း၏ ဆရာကြီး၊ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို နှစ်စဉ်နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်နှစ် ဆရာကန်တော့ပွဲ၌ ဆရာကြီး ဆရာမကြီးများ၏ မိန့်မှာချက်အရ အငြိမ်းစား ‌ဆရာကြီး ဆရာမကြီးများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများပေးနိုင်ရန် ရည်မှန်းချက်ထားကာ ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ ယခုနှစ်ပြုလုပ်သည့် အာစရိယပူဇော်ပွဲတွင် ဆေးဝါးကုသစရိတ် ဆေးပဒေသာပင်ပါ စိုက်ထူနိုင်ခဲ့သည့် အောင်ပွဲလည်းဖြစ်ပါကြောင်း၊ဆရာကြီး၊ဆရာမကြီးများသည် မိမိတို့၏ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများဖြစ်ပြီး တပည့်များအပေါ် မတတ်သည်များကိုတတ်အောင်၊မသိတာ‌တွေသိ‌ရှိ‌အောင်၊ နားမလည်သည်များကို နားလည်အောင်၊မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊မလိမ္မာသည်များကို လိမ္မာအောင်၊မယဉ်ကျေးသည်များကို ယဉ်ကျေးအောင်၊လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးခဲ့ပြီး အများအကျိုးကိုယ်ကျိုးမဖက် ထမ်းရွက်တတ်သူ အနန္တော၊ အနန္တဂိုင်းဝင်ဆရာကြီး၊ဆရာမကြီးများပင်ဖြစ်ပါကြောင်း၊ယနေ့တွင် ဆရာကြီး၊ဆရာမကြီးများအား တစ်စုတစ်စည်းထဲ ပူဇော်ကန်တော့ခွင့်ရသည့်အတွက် အတိုင်းမသိဝမ်းသာပါကြောင်း၊ဆရာကြီး၊ဆရာမကြီးများ မျိုးစေ့ချပေးခဲ့သည် ရေကြည်မြို့ကျောင်းသား၊ကျောင်းသူဟောင်းများက စုပေါင်း၍ နှစ်စဉ် အစဉ်အလာမပျက် ကန်တော့ခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူရပါကြောင်း၊ဆရာကြီး၊ဆရာမကြီးများ၏ ရေရှည်ကျန်းမာရေးစောင့်ရှောက်မှုအား အပြည့်အဝပေးနိုင်မည့် တပည့်များဖြစ်အောင် ကြိုးစားသွားမည် ဖြစ်ပါကြောင်း”ဝမ်းမြောက်နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ဆရာကြီး၊ဆရာမကြီးများအတွက် ဆေးပဒေသာပင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးကလည်းကောင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်းကောင်း၊ အလှူရှင်များကလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကာ အာစရိယပူဇော်ပွဲသို့ တက်ရောက်လာကြသည့် ကန်တော့ခံဆရာကြီး၊ဆရာမကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ကျောင်းသား၊ကျောင်းသူဟောင်းများက လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။

ထို့နောက် ကျောင်းသားဟောင်းတစ်ဦးက ကန်တော့ကျိုးဖြင့် ဦးဆောင်တိုင်တည်ကာ ဆရာကြီး၊ဆရာမကြီးများအား စုပေါင်းကန်တော့ခဲ့ပြီးနောက် အပူဇော်ခံဆရာကြီးသုံးဦးနှင့် ဆရာမကြီးတစ်ဦးက ဆုံးမစကားများပြောကြားသည်။ဆက်လက်၍ အပူဇော်ခံဆရာကြီး တစ်ဦးနှင့်အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌတို့က ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ပြီး “ကျောင်းဆရာ”သီချင်းအား သံပြိုင်သီဆို၍ အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကာ အပူဇော်ခံ ဆရာကြီး ဆရာမကြီးများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

17-Nov-2022