(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ကျောင်းကြီးလမ်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားအား နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါလမ်းရှေ့မုခ်ဦးတွင်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ငါးသိုင်းချောင်းမြို့၏ မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးရာ အထက်တန်းကျောင်းသို့သွားသည့်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ကျောင်းတော်ကြီး၌ ပညာသင်ကြားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ သွားမည့်လမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၆၉၀'×၁၅'×၈'')ရှိ ကွန်ကရစ်လမ်းအား ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ကျောင်းသာကျောင်းသူများနှင့် အများပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ရေးအတွက်လည်း ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် တိုက်တွန်းလိုပါကြောင်း"အမှာစကားပြောကြားသည်။
ဆက်လက်၍ ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် (အ.ထ.က)ငါးသိုင်းချောင်း၏ ကျောင်းအကျိုးတော်ဆောင် အဖွဲ့အတွင်းရေးမှူးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။ ယင်းနောက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငါးသိုင်းချောင်းမြို့၊ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဆေးရုံ၏ လိုအပ်ချက်များတင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။