ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဒွါဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ပုသိမ်မြို့၌ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့်ဒွါဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရန်အတွက် ပဒေသာပင်များ ပုသိမ်မြို့အတွင်းလှည့်လည်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်ကာစီ တန်းလှည့်လည်ခဲ့ကြပြီး မြို့ပေါ်ရှိဌာနဆိုင်ရာအသီးသီးမှလာရောက်ပို့ဆောင်ကြသည့်ပဒေသာပင်များနှင့်ရပ်ကွက်နေပြည်သူများမှလာရောက်ပို့ဆောင်သည့်ပဒေသာပင်စုစုပေါင်း(၈၃)ခုအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ကုန်သည်လမ်းတလျှောက်နှင့်ကမ်းနားလမ်း၊ မကျည်းပင်တန်းလမ်း၊မင်းကြီးလမ်း၊တံတားကြီးတန်းလမ်းတို့မှ ပုသိမ်မြို့သာသနာ့ဗိမာန်တော်ကြီးသို့ စနစ်တကျပို့ဆောင်ခဲ့ကြသည်။

ဆက်လက်၍  စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိသုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ ကထိန်မည်ပုံ၊ ကထိန်ခင်းခြင်းနှင့် စပ်လျဉ်းသည့် အမေး(ကထိနပုစ္ဆာ)ကို မိဂဒါဝုန်ကျောင်းတိုက် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တ အရိယဉာဏ၊သာသနဓဇဓမ္မာစရိယ၊ MA.Ph.D (India) အရှင်သူမြတ်ကမေး၍(ကထိနဝိသဇ္ဇနာ) ကထိန်ခင်းခြင်းအဖြေကို ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိဿရ MA.Ph.D (India)အရှင်သူမြတ်မှ ဖြေကြားတော်မူခဲ့ပြီး ဧည့်ပရိတ်သတ်များက နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ပုရိမဝါဆိုဝါကပ်၍ ပုရိမဝါမှ ထတော်မူကြသည့် သံဃာတော်များကိုယ်စား  ညောင်ပင်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိသုတ မဟာထေရ်မြတ်ထံ ကထိန်လျာဉတ်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများအားလည်းကောင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုး ငွေမိုးများရွာသွန်းဖြိုးပြီးနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားတွင် ပဒေသာပင် ၈၃ခု ပစ္စည်းနှင့်ငွေသား ပဒေသာပင်တန်ဖိုး( ၃‌၆,၉၃၅,၄၅၀) အားကျောင်းတိုက် ၈၃ကျောင်းတိုက်သို့ လှူဒါန်းဆက်ကပ်နိုင်ခဲ့ကြောင်းသိရသည်။

05-Nov-2022