ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသည့် သမိုင်းဝင် တာဝတိံသာ ဘုရားကြီးနှင့် ရွှေစည်းခုံစေတီ ပုရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့ပြီး  သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းရေး၊  လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိရေးတို့အားမှာကြားသည်။

ထို့နောက် လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့်  ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊  ပုသိမ်မြို့ရှောင်လမ်း ၄ မိုင်၇ဖာလုံအား လမ်းချဲ့ခြင်းလုပ်ငန်းခွင်သို့သွားရောက်၍ လမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး  သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့်  စံချိန်စံညွှန်းများပြည့်မီရေး၊ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးများနှင့်ရေရှည် တည်တံ့အောင် စနစ်တကျပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအားစဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့အားမှာကြားပြီး မြို့ရှောင်လမ်းတစ်လျှောက်သန့်ရှင်းသာယာမှုရှိစေရေးကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ သရောင်းချောင်းစိုက်ပျိုးရေးခြံ၊ ပေါ်ဆန်းမွှေး(၂)ဧက မျိုးသန့် မျိုးစပါးထုတ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ ပိုးမွှားများမကျရောက်မှုမရှိစေရေး၊ မျိုးသန့်စပါးထုတ်လုပ်မှု အထွက်နှုန်းတိုးတက်စေရေးနှင့် တောင်သူများထံ မျိုးကောင်းမျိုးသန့်စပါးများဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး ပုသိမ်တက္ကသိုလ်မုဒ်ဦးရှေ့မှ အင်ကြင်းဆောင်ရှေ့အထိ  ၁၇၀၀ပေ×၈ပေ× ၆ လက်မထုရှိသော ကွန်ကရစ်လူသွားလမ်းအား စည်ပင်သာယာရေးအဖွဲ့မှ Colour Brick ခင်းခြင်းနှင့်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပါသည်။

08-Oct-2022