ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အကူသူနာပြု(ပြင်ပ)(၉)လသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အကူသူနာပြု(ပြင်ပ)(၉)လသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများတက်ရောက်ကြပါတယ်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျန်းမာရေးစနစ်ရဲ့အရေးအကြီးဆုံးဒေါက်တိုင်ကြီးတစ်ခုဖြစ်တဲ့ အရည်အချင်းပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကူသူနာပြုများဟာ ပင်ကိုယ်စိတ်ရောကိုယ်ပါဖြူစင်သူများ၊ ယဉ်ကျေးပျူငှာသူများဖြစ်ကြပြီး ပြည်သူကိုအလုပ်အကျွေးပြုရန်ရည်ရွယ်၍ အကူသူနာပြုကျင့်ဝတ်များကိုလိုက်နာစောင့်ထိန်းပြီး မိမိတို့၏တာဝန်များကိုကျေပွန်စွာထမ်းဆောင်သွားရန်လိုပါကြောင်း၊ အကူသူနာပြုများအနေဖြင့် သင်တန်းမှပို့ချသင်ကြားပေးသော ဆေးပညာဆိုင်ရာပညာရပ်များ၊ လက်တွေ့ကုသမှုများကို ကောင်းစွာမှတ်သားနာယူပြီး လူနာများပေါ် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ ဂရုဏာ၊ အနစ်နာ၊ စာနာမှုစသည့် နာ (၆) နဲ့အတူ ပြုစုစောင့်ရှောက်ပေးကြရမှာဖြစ်ပါကြောင်း၊ ပြည်သူကိုဗဟိုပြုသောကျန်းမာရေးစနစ်ကို အောင်မြင်အောင် ဖော်ဆောင်နိုင်ရေးပါဝင်ဆောင်ရွက်ကြရမည့်အပြင် ကိုယ်တိုင်ကလည်း အရည်အသွေးပြည့်မီစေရေး၊ ပြည်သူများပါဝင်လာစေရေး၊ လူမှုဆက်ဆံရေးကောင်းမွန်စေရေးစသည်တို့ကိုလည်း ဆက်လက်သင်ယူလေ့ကျင့်ကြရမှာဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ လိုအပ်ချက်အတွက် တစ်ထောင့်တစ်နေရာမှာ ဖြည့်တင်းလုပ်ကိုင်ရင်း ပြည်သူတစ်ရပ်လုံးအတွက် အလုပ်အကျွေးပြုသည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဦးဆောင်ကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ကာ ထူးချွန်သင်တန်းသားသင်တန်းသူများကို ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များချီးမြှင့်ပေးခဲ့ပါသည်။

ထို့နောက်သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ပါတယ်။ အဆိုပါသင်တန်းကို ( ၁၃.၁.၂၀၂၂)ရက်နေ့ မှယနေ့အထိ (၉)လတာဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသားသင်တန်းသူစုစုပေါင်း (၅၃)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။

03-Oct-2022