ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျုံပျော်ခရိုင်အတွင်း ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊  ရေကြည်မြို့နယ်၌ မူလတန်းကြိုကျောင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းက အောင်ဆန်းမြို့ပတ်လမ်းရှိ အဆိုပါအဆောက်အဦ ဆောက်လုပ်မည့်နေရာတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သတ်မှတ်နေရာများ၌ နေရာ ယူ၍  ပန္နက်တိုင်များ စိုက်ထူပြီးနောက် အခမ်းအနားအားဆက်လက် ပြုလုပ်ရာ  မူလတန်းကြို ကျောင်း RC(၂)ထပ်ဆောက်လုပ်မည့်ကုမ္ပဏီမှ အဆောက်အဦ ဆောက်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က" ရေကြည်မြို့နယ်တွင် RC(၂)ထပ် မူလတန်းကြိုကျောင်း ပေါ်ထွန်းလာတော့မည်ဖြစ်ရာ ကလေးငယ်များပိုမို လုံခြုံစိတ်ချစွာ ပညာသင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ မူလတန်းကြိုကျောင်းမှစတင်၍ ပတ်ဝန်းကျင်ကောင်းတွင် သင်ကြားမှုစတင်ရာမှတဆင့် အခြေခံပညာကျောင်းများသို့ အခက်အခဲမရှိ ပညာသင်ကြားနိုင်မည် ဖြစ်ကြောင်း၊ မြေနေရာလှူဒါန်းပေးသည့် အလှူရှင်အား ကျေးဇူးတင်ရှိပါကြောင်းနှင့် မြို့သူ၊ မြို့သားများကလည်း မိမိမြို့စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ပူးပေါင်း ဆောင်ရွက် ကြရန်လိုပါကြောင်း”ပြောကြားသည်။ ယင်းနောက် မူလတန်းကြိုကျောင်း ဆောက်လုပ်ပေးခြင်းနှင် ပတ်သက်၍ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်က  အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ကျားချောင်ကျေးရွာအုပ်စု၊ ကျားချောင်ကျေးရွာ တောင်သူဦးစိုးမြင့်၏ ကွင်း/ဦးပိုင်အမှတ်(၈၇၈၊၂/၁) ဆင်းသုခ (၁.၀၀)ဧက မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ရာ တစ်ဧက အထွက်နှုန်း ၇၇ တင်း ထွက်ရှိခဲ့ကြောင်းနှင့် ဝန်ကြီးချုပ်က ယူရီးယားဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချရေးနှင့် သစ်စိမ်းမြေဩဇာ၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများသုံးစွဲရေးတို့အား မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ  အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က “ယခုပညာသင်နှစ်တွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်း အား ဖြေဆိုရန် နောက်ဆုံးအကြိမ် အခွင့်အရေးဖြစ်ပါကြောင်း၊ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်အောင်မြင်ရေး ကြိုးစားရမှာဖြစ်ပါကြောင်း၊ မိဘများကိုလည်း မိမိတို့ သားသမီးများ အတွက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ရေး အခွင့်အရေးပေးရန် တိုက်တွန်းပါကြောင်း၊ ပညာရေးဌာနတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ကျုံပျော် ခရိုင်သည် အောင်ချက်ကောင်းသည့် ခရိုင်ဖြစ်သဖြင့် အောင်ချက်အား ဆက်လက်ထိန်းသိမ်းရန် လိုပါကြောင်းနှင့်  အခက်အခဲရှိသည့် ကျောင်းသား၊ကျောင်းသူများကို စာသင်ခန်းအသီးသီးသို့ ရောက်ရှိလာရေး ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း”ပြောကြားသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ကျုံပျော်ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ  အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များအားလည်းကောင်း၊ တိုင်း/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် သက်ဆိုင်ရာ ဌာနများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

29-Oct-2022