ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပုသိမ်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား ယခုလ ၃ရက်နေ့မှ ၇ ရက်နေ့အထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးပြိုင်ပွဲမကျင်းပမီကပင် ဗဟိုမှသတ်မှတ်ပေးထားသည့် ပြိုင်ပွဲဝင်ဘာသာရပ်အားလုံးကိုပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်တွန်းအားပေးဆောင်ရွက်ခဲ့ရာ ပြိုင်ပွဲအားလုံးဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး အကဲဖြတ်း အဖွဲ့များအနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်ကန်စွာသုံးသပ်ဆုံးဖြတ်၍ ရွေးချယ်ခဲ့ကြပါကြောင်း၊ ယခုပြိုင်ပွဲမှ ဆုရရှိသူများအနက်မှ အရည်အသွေးပြည့်ဝသူများကို စိစစ်ရွေးချယ်ပြီး စနစ်တကျစခန်းသွင်းလေ့ကျင့်ပြီး အားနည်းချက်၊အားသားချက်များပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်ရန်လိုပါကြောင်း၊ (၂၂) ကြိမ်မြောက် ပြိုင်ပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်ဆုရရှိမှုတန်းစီဇယားတွင် တိုင်းဒေသကြီးအနေဖြင့် စတုတ္ထနေရာရရှိခဲ့ပြီး ယခု ၂၃ ကြိမ်မြောက်ပြိုင်ပွဲတွင် ပိုမိုအောင်မြင်မှုရရှိစေရေး ပြိုင်ပွဲဝင်များ၊ ပံ့ပိုးနည်းပြပညာရှင်များအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် ရုပ်စုံသဘင်နှင့်ရာမာယဏဇာတ်တော်ကြီးထည့်သွင်းယှဉ်ပြိုင်သွားမှာဖြစ်၍ ယခင်ရရှိခဲ့သည့်အောင်မြင်မှုများထက် ပိုမိုသာလွန်အောင် ဘက်စုံထောင့်စုံက အားဖြည့်ဆောင်ရွက်ကြစေလိုကြောင်းနှင့် မျိုးဆက်ဟောင်းမျိုးဆက်သစ်အနုပညာရှင်များဟာ မိမိတို့ရဲ့ အနုပညာဖန်တီးနိုင်စွမ်းကိုအသုံးချပြီး ဗဟိုအဆင့် (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွက် ဆုတံဆိပ်များရယူနိုင်ကြပါစေကြောင်း”ပြောကြားခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် ကျေးလက်ရိုးရာအကအဖွဲ့၊ မဖွန်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရာမာယဏဇာတ်တော်ကြီးအဖွဲ့နှင့် ရုပ်စုံသဘင်အဖွဲ့တို့အား ပြိုင်ပွဲဝင်ဂုဏ်ပြုဆုများအားချီးမြှင့်ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး မှ အဆိုပြိုင်ပွဲပထမဆုရရှိသူများနှင့် အကပြိုင်ပွဲ(အဖွဲ့လိုက်) ဆုရရှိသူများအားဆုတံဆိပ်များချီးမြှင့်ခဲ့ပါတယ်။ ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက တစ်ဦးချင်းအကပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် အဆိုပြိုင်ပွဲတွင် ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးမှ တစ်ဦးချင်းအကပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အရေးပြိုင်ပွဲတွင်ဆုရရှိသူများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးမှ အတီးပြိုင်ပွဲ(စန္ဒရား)တွင် ဆုရရှိသူများအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးမှ အတီးပြိုင်ပွဲ(စောင်း၊ ပတ္တလား)တွင် ဆုရရှိသူများအားလည်းကောင်း၊ လူမှုရေးရာဝန်ကြီးမှ အတီးပြိုင်ပွဲ(တယော၊မယ်ဒလင်)တွင် ဆုရရှိသူများအားလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အတီးပြိုင်ပွဲ(ဂီတာ၊ ဒုံမင်း)တွင်ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ်မှ အတီးပြိုင်ပွဲ(ဆိုင်းတစ်ဦးချင်း)တွင်ဆုရရှိသူများအားလည်းကောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူးမှ အတီးပြိုင်ပွဲ(ဆိုင်းဝိုင်းကြီး၊ နှဲ)တွင်ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ်မှ အတီးပြိုင်ပွဲတွင်(ပုလွေ၊ အိုးစည်၊ ဒိုးပတ်)တွင်ဆုရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။
ထို့နောက် ပြိုင်ပွဲဘာသာရပ်အလိုက် ဆုရရှိသူများ၏ ပြန်လည်သီဆို၊ ကပြ၊တီးခတ်မှုများကိုကြည့်ရှုအားပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် ပထမဆုရရှိသည့်ပုသိမ်ခရိုင်၊ ဒုတိယဆုရရှိသည့် မအူပင်ခရိုင်၊ တတိယဆုရရှိသည့်ဟင်္သာတ ခရိုင်များအား တံခွန်စိုက်ဆုဖလားနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် ခရိုင်အသီးသီးမှ အဆိုပြိုင်ပွဲဝင် ၅၇ဦး၊ အကပြိုင်ပွဲဝင် ၁၉၁ဦး၊ အရေးပြိုင်ပွဲဝင် (၈)ဦး၊ အတီးပြိုင်ပွဲဝင် ၁၇၈ဦး၊ စုစုပေါင်းပြိုင်ပွဲဝင် ၄၃၄ဦးဖြင့် ပြိုင်ပွဲဝင်ခဲ့ကြရာ ပြိုင်ပွဲအလိုက် ပထမဆု ၈၃ဆု၊ ဒုတိယ ၄၇ဆု၊ တတိယ ၂၉ဆု၊ နှစ်သိမ့်ဆု ၁၇ဆုဖြင့် ဆုတံဆိပ်စုစုပေါင်း ၁၇၆ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။