တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမ၌ ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ဆရာ ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြပါတယ်။

ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ပုသိမ်)မှ ကျောင်းသား ၊ ကျောင်းသူများက“ဝ.ထ.က.သ.လ” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားအား ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတကာတွင် စာတတ်မြောက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း စာတတ်မြောက်ရေးလုပ်ငန်းများကို ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာမတတ်သူများပပျောက်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းနေရေးလုပ်ငန်းစဉ်များကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး ကျောင်းတွင်းပညာရေး၊ ကျောင်းပြင်ပပညာရေး၊ ကိုယ်တိုင်သင်ယူပညာရေးဟူ၍ ပညာရယူနည်း နည်းလမ်းသုံးသွယ်ဖြင့် လူတိုင်းပညာသင်ခွင့် ရရှိနိုင်ရေးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊  ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းနေမြဲမှ အရွယ်လွန်သက်ကြီးစာမတတ်သူများ ပပျောက်ရေး၊ စာမတတ်သူပပျောက်ရေးမှ စာမဖတ်သူပပျောက်ရေး အဆင့်ဆင့်ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများမှ စတင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းဝင်းအတွင်းရောက်ရှိစေရေးနှင့် ကျောင်းနေမြဲရေး ကြိုးစားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံး ဒုတိယနှင့် ဂုဏ်ထူးရကျောင်းသားကျောင်းသူများများစွာထွက်ပေါ်ခဲ့ပြီး ယခုပညာသင်နှစ်တွင်လည်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုနှင့်ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ခဲ့ပါကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာနှုန်းမြင့်မားစေရေးယခင်နှစ်ထက်ပိုမိုသာလွန်စေရေး ကျောင်းသား၊မိဘ၊ဆရာများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများကကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းကြိုးစားပေးကြစေလိုကြောင်း၊ လူတိုင်းအတွက်ပညာရေး ရည်မှန်းချက်များနှင့်အညီ လူတိုင်းစာတတ်မြောက်နိုင်စေရန် အမျိုးသားရေးအသိ၊ အမျိုးသားရေးအမြင်၊ အမျိုးသားရေးဆန္ဒ၊ အမျိုးသားရေးအားမာန်တို့ဖြင့် စာတတ်မြောက်ရေးလုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးက ယူနက်စကိုအဖွဲ့ညွှန်ကြားရေးမှူးချုပ်၏ ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့သဝဏ်လွှာကိုဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု (Video Clip)ပြသမှုနှင့် အမှတ်(၂ ) အခြေခံပညာအထက်တန်းကျောင်း (ပုသိမ်)မှ ကျောင်းသား ၊ ကျောင်းသူများက စာတတ်မြောက်ရေးဝိုင်းကူပေး သီချင်းဖြင့် ဂုဏ်ပြုသီဆိုမှုတို့ကို အားပေးခဲ့ကြောင်းသိရသည်။

08-Sep-2022