ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုက်ရာဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက video confrencing စနစ်ဖြင့်တက်ရာက်ကြပါသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအစည်းအဝေး လမ်းညွှန်ချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး ကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီဝင်များအား ချက်ချင်းချပြဆွေးနွေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊  သက်ဆိုင်ရာကော်မတီများအလိုက် အစည်းအဝေးညွှန်ကြားချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြပေးစေလိုကြောင်း၊ တိုင်းဒေသကြီးသည် ကျေးလက်ဒေသလူဦးရေ ၈၆% ရှိပြီး ယာဉ်အသုံးပြုမှုစုစုပေါင်း၏ ၉၆% သည် မော်တော်ဆိုင်ကယ်ဖြစ်သဖြင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရာတွင်မော်တော်ဆိုင်ကယ် မတော်တဆမှုများပိုမို အဖြစ်များပါကြောင်း၊ ယာဉ်မတော်တဆမှုများလျော့နည်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်အသုံးပြုစေရေး၊ ထိခိုက်မှုများမှ အကာအကွယ်ပေးနိုင်သည့်အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုတ်များ ဝတ်ဆင်မောင်းနှင်စေရေး တို့အတွက် ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများပါ ထိထိရောက်ရောက်ဆောင်ရွက်ရန်လိုပါကြောင်း၊ လိုင်စင်မဲ့ယာဉ်များ၊ စည်းကမ်းပျက်ယာဉ်များ အသုံးပြုမှုမရှိစေရေးစစ်ဆေးကြပ်မက်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ယာဉ်မတော်တဆမှုများနှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားမှုများကို သေချာစွာစစ်ဆေးဖော်ထုတ်ပြီး အလားတူဖြစ်စဉ်များထပ်မံဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများဖြစ်ပွားပါက အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ဆုံးရှုံးမှုကြီးမားသဖြင့် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများလျော့နည်းပပျောက်စေရေး ဆောင်ရွက်ရမည့်နည်းလမ်းများဆွေးနွေးကြပြီး တိတိကျကျလိုက်နာဆောက်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်မှာကြားပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဦးစီးမှူးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ တွဲဘက်အတွင်းရေးမှူး၊ ဒုတပ်ဖွဲ့ခွဲမှူးမှလည်းကောင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများတင်ပြဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများမှ အထွေထွေတင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကိုဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်ကို ၅၀% လျှော့ချနိုင်ရေး လစဉ်ရည်မှန်းချက်ထားဆောင်ရွက်ရန်ပြောကြားခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

06-Sep-2022