ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ အဆိုပညာရှင်၊ ဂီတပညာရှင်များနှင့် ခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင် အဆို၊ အက၊ အရေး၊ အတီးအဖွဲ့များတက်ရောက်ခဲ့ကြပါသည်။ 

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် လူမှူရေးရာဝန်ကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိနိုင်ရေးတို့အတွက် မြို့နယ်အဆင့်ပြိုင်ပွဲများ၊ ခရိုင်အဆင့်ပြိုင်ပွဲများအဆင့်ဆင့်ကျင်းပကာ ပြိုင်ပွဲဝင်များရွေးချယ်လေ့ကျင့်၍ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် အဆင့်တိုင်း၊ ဘာသာရပ်တိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်မှ(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဦးတည်ချက်များချမှတ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ (၂၂) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့်  စတုတ္ထနေရာရရှိခဲ့ပါကြောင်း၊ ယခု (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင်လည်းအောင်မြင်မှုများရရှိမည်ဟုမျှော်မှန်းထားပါကြောင်း၊ ထို့ပြင် ပြိုင်ပွဲများတွင် ဆုတံဆိပ်များစွာရရှိခဲ့သည့်ရာမာယဏဇာတ်တော်ကြီးကိုလည်းပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်လို့ ပိုမိုအောင်မြင်မှုရရှိစေရေး ကြိုးစားကြစေလိုပါကြောင်း၊ အကဲဖြတ်ဒိုင်များကလည်း အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်အမှတ်ပေးပြီးတိုင်းဒေသကြီးဂုဏ်ဆောင်နိုင်သည့် ပြိုင်ပွဲဝင်များထွက်ပေါ်လာစေရေးရွေးချယ်ပေးစေလိုပါကြောင်း၊ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် အဆင့်တိုင်း၊ ဘာသာရပ်တိုင်းပါဝင်ယှဉ်ပြိုင်နိုင်ရေး ဝိုင်ဝန်းကြိုးစားအားထုတ်ဆောင်ရွက်ပေးကြသောတာဝန်ရှိသူများအားလုံးကျေးဇူးတင်ကြောင်းနှင့် အောင်မြင်မှုများရရှိစေရေး သက်ဆိုင်ရာကော်မတီအဖွဲ့များ၊အသိပညာရှင်များအတတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များအားလုံး တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း  ”ပြောကြားသည်။ 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ အဖွင့်တေးသီချင်းဖြစ်သည့် ဖွံ့ဖြိုးဝေစည်ဧရာဝတီသီချင်းအား တူယှဉ်နွှဲပျော်ဂီတပွဲတော် Winner ဆုရှင် မဇင်သူသူထွန်းနှင့်အဖွဲ့မှ သီဆိုဖျော်ဖြေမှု၊ မြောင်းမြခရိုင်ကိုယ်စားပြု ကျေးလက်ရိုးရာအကအဖွဲ့မှကပြဖော်ဖြေမှု၊ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ အဖွင့်တေးသီချင်းဖြစ်သည့် ဖိတ်ခေါ်ပါသည်ဧရာဝတီတေးသီချင်းသီဆိုဖျော်ဖြေမှု၊ မြောင်းမြခရိုင်ကိုယ်စားပြု မွန်ရိုးရာကအဖွဲ့မှကပြဖော်ဖြေမှု၊ နိုင်ငံကျော်အဆိုတော်၊ ဝါးခယ်မဦးရဲမောင်၏သီဆိုဖျော်ဖြေမှုများနှင့် ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ အခြေခံပညာ(၁၀-၁၅) အမျိုးသမီးကဗျာလွတ်အက၊ ဝါသနာရှင် ဒုတိယတန်း အမျိုးသမီးအက၊ ဝါသနာရှင်ဒုတိယတန်း အမျိုးသားအက၊ အဆင့်မြင့်ပညာ အမျိုးသမီးအက၊ အဆင့်မြင့်ပညာအမျိုးသားအက၊ အခြေခံပညာ (၁၅-၂၀)အမျိုးသမီးအက၊ အခြေခံပညာ (၁၅-၂၀)အမျိုးသားအက၊ အခြေခံပညာ(၁၀-၁၅) အမျိုးသမီးအက၊အခြေခံပညာ(၁၀-၁၅) အမျိုးသားအကများအားခရိုင်အလိုက် ယှဉ်ပြိုင်မှုများကိုကြည့်ရူအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲကို ယခုလ ၃ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ခရိုင် (၆)ခရိုင်မှအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်စုစုပေါင်း ၄၁၆ ဦးဖြင့် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရှိရသည်။

03-Sep-2022