ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ် စားပြု စစ်တုရင်အသင်းအားအောင်နိုင်ရေးအလံပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စစ်တုရင်အသင်း၏ လေ့ကျင့်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျလေ့ကျင့်စေရေး၊ နည်းစနစ်မှန်ကန်စေရေးနှင့် နည်းပြများ၏သင်ကြားမှုများကိုမှတ်သားနာယူဆောင်ရွက်စေရေး မှာကြားခဲ့ပါသည်။ 

ဆက်လက်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စစ်တုရင်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး  စစ်တုရင် အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ စစ်တုရင်အားကစားအောင်နိုင်ရေးအတွက် ပြိုင်ပွဲများအဆင့်ဆင့်ပြုလုပ်၍ အကောင်းဆုံးအားကစားသမားများရွေးချယ်ပြီး နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်းလေ့ကျင့်ခဲ့ပါကြောင်း၊  စဉ်းစားတွေးခေါ်နိုင်မှု ဉာဏ်ရည်ဉာဏ်သွေးကို အသုံးပြုယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊  တစ်ဦးချင်းကျွမ်းကျင်မှု၊ အသင်းလိုက်စည်းလုံးမှုဖြင့် အောင်မြင်မှုရရှိစေရေးကြိုးစားကြမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်  စစ်တုရင်အားကစားနည်းတွင် တစ်ဦးချင်း ရွှေ၊ ငွေ၊ ကြေးတံဆိပ်များဆွတ်ခူးခဲ့သည့်အပြင် ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်အထိအောင်မြင်ခဲ့ပါကြောင်း၊  ယခုပြိုင်ပွဲတွင်လည်းရလဒ်ကောင်းများရရှိမည်ဟုမျှော်မှန်းထားပါကြောင်း၊ အားကစားသမားအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက်နေထိုင်ကြရန်၊ လေ့ကျင့်မှုမပြက်ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအတွက် အောင်မြင်မှုများရရှိစေရေး အစွမ်းကုန်ကြိုးစာကြရန်”‌ပြော ကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စစ်တုရင် အသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။  တိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်အားကစားပြိုင်ပွဲသို့ နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများ စုစုပေါင်း ၁၆ ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရှိရသည်။

01-Sep-2022