တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား တက်ရောက်၍ သစ်ပင်များစိုက်ပျိုးပေး
ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ သဘာဝပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေးနှင့် သစ်တောသယံဇာတများရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ပုသိမ်မြို့ အမှတ် (၃၆) မှန်စက်ရုံဝန်းအတွင်း၌ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက် ခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်း သစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးခြင်း၊ ဒီရေတောစိုက်ခင်းများ စိုက်ပျိုးခြင်းနှင့် ကျေးရွာထင်းစိုက်ခင်းများ ထူထောင်ပေးလျှက်ရှိပါကြောင်း၊၎င်းအပြင်ဒီရေတောစိုက်ခင်းနှင့် ကြိုးပြင်ကာကွယ်တောများအား ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် စီးပွားရေးစိုက်ခင်း (၂,၆၈၅) ဧက၊ ဒီရေတောစိုက်ခင်း (၂၈၀၀)ဧက၊ ကျေးရွာထင်းစိုက်ခင်း (၉၁၆) ဧက၊ စုစုပေါင်း (၆,၄၀၁) ဧက စိုက်ပျိုးတည်ထောင်လျက် ရှိပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၂၂ ခုနှစ် မိုးရာသီ၌ ခရိုင်/မြို့နယ်အသီးသီးတွင် လူထုဖြန့်ပျိုးပင်များဖြန့်ဝေစိုက်ပျိုးခြင်း နှင့် သစ်ပင်စိုက်ပျိုးပွဲပြုလုပ်စိုက်ပျိုးခြင်းဖြင့် ပျိုးပင်ပေါင်း ၁၃၃၁၉၉၀ပင်ဖြန့်ဝေစိုက်ပျိုးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ “အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့”အထိမ်းအမှတ်အနေနဲ့ ... ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာမြို့နယ်များတွင် တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့ အုန်းပင် (၃၀၀၀) ပင်နှင့် ဒီရေတောပင် (၉၅၅၀) ပင်တို့ကိုလည်း စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ စိုက်သမျှအပင်များ ရှင်သန်အောင်မြင်ဖို့ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့်
သစ်တောဖုံးလွှမ်းမှုဧကများပိုမိုတိုးပွားလာစေရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် ဌာနဆိုင်ရာအလိုက်၊ ကျေးရွာအလိုက်၊ဒေသအလိုက် အားလုံးကလည်း သစ်ပင်များ ရှင်သန်အောင်မြင်အောင်စိုက်ပျိုးသွားကြဖို့ အထူး တိုက်တွန်းလိုပါကြောင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဆောင်၍ သစ်ပင်များအားစုပေါင်း စိုက်ပျိုးခဲ့ပြီး ဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ ခရေ၊ ယူကလစ်၊ မန်ဂျန်ရှား အစရှိသည့် ပျိုးပင်ပေါင်း ၁၀၂၁ပင်အား စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်တောင်ပေါ်လမ်း ပုသိမ်တက္ကသိုလ်ရှေ့ လူသွားလမ်းဖောက်လုပ်ရန် အောက်ခံမြေသားအမာခံရရှိရေး ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည်အသွေး ကောင်းမွန်စေရေးဆောင်ရွက်ရန် မှာကြားခဲ့ကာ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ကြားရှိ တက်ဆိပ်ချောင်းအတွင်းရေစီးရေလာကောင်းမွန်စေရေး ဗေဒါနှင့်အမှိုက်များ ဆယ်ယူနေမှုအား ဆက်လက်ကြည့်ရှုစစ်ဆေးကာ စနစ်တကျဆယ်ယူစွန့်ပစ်စေရေး၊ ရေမြောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုမရှိစေရေး၊ ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့အား အသိပညာပေးဆောင်ရွက်ရေးတို့အားမှာကြားခဲ့သည်။ ယင်းနောက် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည့် ပုသိမ်တက္ကသိုလ်အတွင်းရှိ နန္ဒဆောင်နှင့် တေဇဆောင်အားလည်းကောင်း၊ကိုးသိန်း ဘောလုံးအကယ်ဒမီကျောင်းရှိ အဆောင်များအားလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေ၊မီးများ ကောင်းမွန်ပြည့်စုံရေးနှင့်အဆောင်အတွင်း အပြင်သန့်ရှင်းရေးစနစ်တကျ ဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့ရှောင်လမ်းချဲ့ခြင်း၊ မြေတူးခြင်းနှင့်အမာခံကျောက်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးများနှင့် လမ်းများရေရှည် တည်တံ့အောင် စနစ်တကျပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။