၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်“တူယှဉ်နွှဲပျော် ဂီတပွဲတော် Season 2” တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ၏ သီဆိုမှုနှင့် အားပေးဂုဏ်ပြုခြင်း အခမ်းအနားကျင်းပ

၂၀၂၃ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်“တူယှဉ်နွှဲပျော် ဂီတပွဲတော် Season 2” တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ၏ သီဆိုမှုနှင့် အားပေးဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အဆိုပညာရှင်၊ ဂီတပညာရှင်များနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  “(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်သော “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season 1”တွင် မိမိတို့တိုင်းဒေသကြီးမှ ပထမနှင့်ဒုတိယဆုများရရှိခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်များ၏ ကြိုးစားအားထုတ်မှု၊ အရည်ချင်းရှိရှိယှဉ်ပြိုင်မှုအပြင် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ အားပေးမှုများကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ကြိုတင်ပြင်ဆင်၍ ပြိုင်ပွဲပြုလုပ်၍ တိုင်ဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား ရွေးချယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်များကိုလည်း ပြိုင်ပွဲတွင် ဆုများရရှိ၍ တိုင်းဒေသကြီးဂုဏ်ဆောင် အဆိုပညာရှင်များ ဖြစ်ပေါ်လာစေရန် မျှော်လင့်ပါကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် ခံစားမှုများ ကိုဟန်အနေအထားများဖြင့် သီချင်းအပေါ်ခံစားသက်ဝင်၍ သီဆိုမှုများဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင် ဆုများရရှိပါစေကြောင်းပြောကြားသည်။

ဆက်လက်၍ “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season 2” Level (1 )Group A ၊ Group C နှင့် Group D တို့မှ ပြိုင်ပွဲဝင် မလှလှမိုး၊ မောင်စိုးထက်အောင်၊ မမေသဲစုတို့က ပြဌာန်းသီချင်း၊ စိတ်ကြိုက်သီချင်းများဖြင့် အစမ်းလေ့ကျင့်  သီဆိုမှုအားဒိုင်အဖွဲ့က အကြံပြုသုံးသပ်တင်ပြခဲ့ပါသည်။ထို့နောက် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season 1” winner ဆုရှင် မဇင်သူသူထွန်းက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု အတွေ့အကြုံများရှင်းလင်းပြောကြား၍ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များ၊ တေးဂီတအဖွဲ့များအား ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။

24-Aug-2022