၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပေးခဲ့သောဆရာ၊ ဆရာမများနှင့် အောင်ချက်ကောင်းသောကျောင်းများအားဂုဏ်ပြုဆုချီးမြှင့်

ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပေးခဲ့သောဆရာ၊ ဆရာမများနှင့် အောင်ချက်ကောင်းသောကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို  သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ရေကြည်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ တေဇာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်း နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား  ကျောင်းသား၊ ကျောင်းသူများက“ မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ မိမိတို့ တိုင်းဒေသကြီးသည် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံး ဒုတိယနှင့် ဂုဏ်ထူးရကျောင်းသားကျောင်းသူများများစွာထွက်ပေါ်ခဲ့ပြီး ယခုပညာသင်နှစ်တွင်လည်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုနှင့်ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကျောင်းသားမိဘများ၊ ပညာရေးဌာနအဆင့်ဆင့်တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ကြိုးစားမှုရလာဒ်များပင်ဖြစ်ပါကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ရာတွင် လူစွမ်းအားအရင်းအမြစ်များရရှိရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစေရန်ထောက်ပံ့ပေးခြင်းအပြင်ကျောင်းသား၊‌ ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းနိုင်ရေးတို့လည်းလိုအပ်ကြောင်းနှင့် တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍပိုမိုတိုးတက်မြင့်မားလာစေရေး ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များကပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။ ထို့နောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းက ပညာရည်ချွန်ဆုပေးပွဲ ဂုဏ်ပြုသီချင်း၊  ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊က၊ရေး၊တီးပြိုင်ပွဲ၊ ခရိုင်အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရေကြည်မြို့နယ် ကဗျာလွတ်အကအဖွဲ့တို့က သီဆိုကပြ ဖျော်ဖြေခဲ့ပါသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားအား ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေကြည်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်း(၃)ကျောင်း၊ သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)၊တိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦးအပါအဝင် (၆)ဘာသာဂုဏ်ထူးရှင်(၄) ဦးတို့အား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးမှ  (၅)ဘာသာဂုဏ်ထူးရရှိသူ(၄)ဦးအားလည်းကောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ (၅)ဘာသာဂုဏ်ထူးရရှိသူ(၄)ဦးအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး၊လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ (၄)ဘာသာဂုဏ်ထူးရရှိသူများအား လည်းကောင်း၊   တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၏ဇနီး၊ သယံဇာတရေးရာဝန်ကြီး၏ဇနီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီး၊ တိုင်းဒေသကြီးပညာရေးမှူး၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူး၊ တိုင်းဒေသကြီး ကျန်းမာရေးဒုတိယတိုင်းဦးစီးမှူး၊ ကျုံပျော်ခရိုင်အုပ်ချုပ်ရေးမှူး၊ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က ဂုဏ်ထူးဖြင့်အောင်မြင်အောင်သင်ကြားပေးခဲ့သည့် ဆရာ၊ဆရာမများအားလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားဖြစ်မြောက်ရေးအတွက် လှူဒါန်းပါဝင်ခဲ့ကြသည့် စေတနာရှင်၊ အလှူရှင်များစာရင်းအားဖတ်ကြားဂုဏ်ပြုတင်ပြခဲ့ပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပေးခဲ့သော ဆရာ၊ ဆရာများကိုယ်စား သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)၊တိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင် မောင်ကောင်းစည်သူဟိန်း၊ အခြေခံပညာအထက်တန်းကျောင်း(ငါးသိုင်းချောင်း)ရေကြည်မြို့နယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မြို့နယ်အနေဖြင့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၉)ခုမှ  သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)၊တိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦးအပါအဝင် (၆)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၁၃၂ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၉၁ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၁၇၃ဦး၊ ရိုးရိုးအောင်မြင်သူ ၂၃၃ဦးရှိကာ အောင်ချက်(၅၂.၀၇) ရာခိုင်နှုန်းရရှိခဲ့ကြောင်းသိရသည်။  

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ e-IDစနစ်ဖြင့် လူဦးရေစာရင်းဖြည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီးအချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် မဲစာရင်းများ ပြုစုဆောင်ရွက်ရာတွင် မြေပြင်ရှိ လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက်များမြန်ဆန် မှန်ကန်စွာ စနစ်တကျစိစစ်ဆောင်ရွက်ဖြည့်သွင်းစေရေးတို့အား မှာကြားခဲ့သည်။ 

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားခန်းမ အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းသုံးပစ္စည်းများကြိုတင်စုဆောင်းထားရှိစတိုင် စနစ်တကျပြုပြင်ဆောင်ရွက်စေရေး၊ ဆယ်တင်ပစ္စည်းများစနစ်တကျထိန်းသိမ်းထားရှိစေရေးမှာကြားခဲ့ပြီးတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စု၊ငါးတဲစုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် မိုးစပါးကန်ထရိုက်လယ်ယာ စာချုပ်ချုပ်ဆိုပွဲနှင့် စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲတက်ရောက်ခဲ့ပြီး မိမိတို့တိုင်းဒေသကြီးသည် မိုးစပါး၊နွေစပါး စိုက်ဧက အများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊  စိုက်ဧကများပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးရေး၊ စပါး၊ဆန် အရည်အသွေးတိုးတက်ကောင်းမွန်စေရေး ဌာနဆိုင်ရာများ၊ တောင်သူများနှင့်ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မျိုးကွဲများ များပြားနေသဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များရရှိစေရးဆောင်ရွက်လျက်ရှိပါကြောင်း၊ စျေးကွက်ယှဉ်ပြိုင်နိုင်ရေးနှင့် Eating Quality ကောင်းမွန်စေရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးစရိတ်များခြွေတာနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်သောစိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် Ayeyarwaddy Development Public Co., Ltd Voice Chairman မှ စိုက်ပျိုးစရိတ်/သွင်းအားစုထောက်ပံ့ငွေထုတ်ပေးမည့်အခြေအနေများရှင်းလင်းတင်ပြခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများထံ စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပိုက်ဆံလျှော်များတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေး၊ စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စွာအသုံးပြုနိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါမိုးစပါးကန်ထရိုက်လယ်ယာ စာချုပ်ချုပ်ဆိုပွဲနှင့် စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲတွင် ရေကြည်မြို့နယ်၊နွားရေတိုက်ကျေးရွာအုပ်စုရှိ တောင်သူ (၈၀)ဦး၊ စိုက်ဧက ၁၀၀၀အတွက် စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ငွေကျပ်သိန်း ၁၅၀၀ ကိုပေးအပ်ထောက်ပံ့ခဲ့ကြောင်းသိရသည်။

21-Aug-2022