ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဆောက်လုပ်နိုင်ရေးကြည့်ရှုစစ်ဆေး၊ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်း၌ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြို့ကွက်သစ်ရပ်ကွက်၊ အကွက်အမှတ် (၁) ရန်ကုန်-ပုသိမ် ကားလမ်းဘေး၊ အလျား (၁၅၀)ပေအနံ (၁၂၀)ပေ၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ဆောက်လုပ်နိုင်ရေး သဲဖြည့်ခြင်းလုပ်ငန်းဆောက်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး မြေသားအခိုင်အမာရရှိစေရေး၊ သတ်မှတ်ချက်များနှင့်အညီဆောက်ရွက်စေရေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်၊ထရော်ရွာသစ်ကျေးရွာအုပ်စုနှင့် ကျုံမငဲ့ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ယခု ၁၆ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့သဖြင့် လူနေအိမ်များနှင့်စာသင်ကျောင်းအမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းများဖြစ်ပွားခဲ့သည့်လေဘေးသင့်ပြည်သူများထံသွားရောက်၍ အားပေးထောက်ပံ့ခဲ့ပါသည်။ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချောင်းဖျားကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် အခြေခံပညာမူလတန်းကျောင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအမိုးလန် ပျက်စီးမှုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် ရတနာစလင်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားအား တက်ရောက်၍ အားပေးစကားပြောကြားရာတွင် လေပြင်းတိုက်ခတ်ခြင်း၊မိုးအဆက်မပြက်ရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရန်လိုပါကြောင်း၊ မိုးလေဝသနှင့်ဇလဗဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မိုးလေဝသ သတင်းများကိုလည်းဂရုတစိုက် နားထောင်မှတ်သားပြီးကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များကလည်း မိုးလေဝသသတိပေးထုတ်ပြန်ချက်များနှင့်ပတ်သက်၍ အများပြည်သူများသိရှိစေရေး၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်စေရေးအတွက် လိုက်လံနှိုးဆော်ကြေညာပေးရန်လိုပါကြောင်းနှင့် လေပြင်းတိုက်ခတ်ပျက်စီးဆုံးရှုံးမှုများအတွက် ကူညီကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုအုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများက အ မြန်ဆုံး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပြီး ဘေးသင့် အိမ်ထောင်စု (၅၀)နှင့်စာသင်ကျောင်းအတွက် ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပုံး (၃၁)ပုံး တို့ကို ဘေးသင့်ပြည်သူများထံထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရတနာစလင်းဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ပြီး လေဘေးကယ်ဆယ်ရေးဆောင်ရွက်မှုများကိုလျှောက်ထားတင်ပြခဲ့ကြောင်းသိရှိရပါသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)