တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၌ ၂၀၂၂ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားတက်ရောက်၊ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၌ ၂၀၂၂ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားအား သြဂုတ်လ် ၁၈ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ကမ္ဘာပါ်တွင်ရှိသောလူသားအားလုံးသည် မွေးဖွားလာစဉ်ကပင် အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုများအတွက် အစာအဟာရ မှီဝဲစားသုံးကြပါကြောင်း၊ နေ့စဉ်စားသုံးသော အစားအစာများသည် သန့်ရှင်းပြီး လိုအပ်သော  အဟာရဓာတ်များပြည့်ဝရန်လိုအပ်ကြောင်း၊ အာဟာရဖွံ့ဖြိုးရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနသည် အာဟာရချို့တဲ့မှုများ လျော့နည်းပပျောက်ရေး၊ အာဟာရလွန်ကဲမှုပြဿနာများ ကာကွယ်ရေး၊ အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်သောဓလေ့ ပိုမိုထွန်းကားလာရေးစတဲ့ ရည်မှန်းချက်များချမှတ်ပြီး အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း၊ မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှုအခြေအနေ လေ့လာရေးစစ်တမ်း (၂၀၁၇-၂၀၁၈)အရ ပုညှက်ခြင်း (၂၆.၇) ရာခိုင်နှုန်းနှင့် ပိန်လှီခြင်း(၆.၇)ရာခိုင်နှုန်း အသီးသီးရှိသောကြောင့် တဖြည်းဖြည်းလျော့နည်း ကျဆင်းလာသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊  အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုအနေနဲ့ပိုမို စိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေဖို့ ရည်ရွယ်၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များကို နှစ်စဉ် ဩဂုတ်လ တစ်လလုံးဆောင်ရွက်ခဲ့ပါကြောင်း၊ယခုလို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ သတ်မှတ်ပြီးဆောင်ရွက်ခြင်းဟာ ပြည်သူလူထုကိုယ်တိုင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လာပြီး ၊ အာဟာရဆိုင်ရာ အသိပညာဗဟုသုတများလည်း ပိုမို ရရှိလာကာ ကလေးငယ်များနဲ့ အမျိုးသမီးများရဲ့ ကျန်းမာရေးနဲ့ အာဟာရအခြေအနေလည်း ပိုမို ကောင်းမွန်မြင့်မားလာစေဖို့ အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊မိခင်နို့ရည်ဟာ ကလေးအတွက် ပထမဆုံးရရှိတဲ့ ရောဂါကာကွယ်ဆေးဖြစ်ပြီး  စနစ်တကျ တိုက်ကျွေးနိုင်ရေး၊ မွေးစမှ အသက်(၆)လအထိမိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးနိုင်ရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေဆေးဝါးများအား တိုက်ကျွေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက် အဏုဇီဝအာဟာရဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ပြီး ၂၀၂၂ခုနှစ်၊အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းများအဖြစ် ပြသထားသော ပြခန်းများအားလှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအဖြစ် ဩဂုတ်လ (ပထမ) ရက်သတ္တပတ်ကို မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ (ဒုတိယ)ရက် သတ္တပတ်ကို ငါးနှစ်အောက်ကလေးများနှင့်ကျောင်းသားလူငယ်များ အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်၊ (တတိယ) ရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ (စတုတ္ထ) ရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့ ရောဂါများပပျောက်ရေးရက်သတ္တပတ်များအနေဖြင့်သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ e-IDစနစ်ဖြင့် လူဦးရေစာရင်းဖြည့်သွင်းနေမှုများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လူဦးရေစာရင်း ပြင်ဆင်၊ဖြည့်စွက်၊ပယ်ဖျက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီးအချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် မြေပြင်ရှိ လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီးအချက်အလက်များမြန်ဆန် မှန်ကန်စွာ စနစ်တကျစိစစ်ဆောင်ရွက်ဖြည့်သွင်းစေရေးတို့အား မှာကြားခဲ့သည်။ 

ထို့နောက် ယခုလ ၁၅၊၁၆ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေတိုက်စားခြင်းတို့ကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့နှင့်ကျေးရွာအချို့တွင် နေအိမ်များပြိုလဲခြင်း၊ ကြိုတင်ပြောင်းရွှေ့ခြင်းများစသည့် သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ဒေသခံတပ်ရင်းတပ်ဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ်၊တောကျောင်းအုပ်စု၊နံဂတ်ကျေးရွာ သို့သွားရောက်ခဲ့ပြီး အောင်မင်္ဂလာကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုငွေများဆက်ကပ်ပူဇော်ခဲ့ကာ  ဧရာဝတီ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၁၅)လုံးကြိုတင်‌ရွှေ့ပြောင်းခဲ့ရသည့် ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးဒေသခံပြည်သူများနှင့်  ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မြစ်ရေကြီးချိန်ကမ်းပြိုကမ်းစားခြင်းလုပ်ငန်းများကာကွယ်နိုင်ရေးအတွက် အရေးပေါ် ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ပေးသွာဖြစ်ကြောင်း၊ ကမ်းပြိုကမ်းစားခြင်းကိုရေရှည်ကာကွယ်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း အားပေးစကားများ ပြောကြားခဲ့သည်။ 

ထို့အတူ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊   မဏ္ဍပ်ကျေးရွာ ၊ အမှတ်(၂၄၉)မူလွန်ကျောင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ခရိုင်ဘေးစီဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ် လမ်းဦးစီးဌာနတို့နှင့်အတူ သဘာ၀ဘေးကြောင့်ပျက်စီးသွားသော ကျေးရွာနေပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး ၊ ခရိုင်မီးသတ်တပ်ဖွဲ့၀င်များက ပျက်စီးသွားသောနေအိမ်များအား ရှင်းလင်းပေးခြင်း၊ပြုပြင်ပေးခြင်းလုပ်ငန်းများကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရပါသည်။

18-Aug-2022