ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် Contract Farming စနစ်ဖြင့် အကျိုးတူနေကြာစိုက်ပျိုးခြင်း၊ စားသုံးဆီထုတ်လုပ်ခြင်းဆိုင်ရာဆွေးနွေးပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ Contract Farming စနစ်ဖြင့် အကျိုးတူ နေကြာစိုက်ပျိုးခြင်း၊ စားသုံးဆီထုတ်လုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများ၊ ဆီစက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “  မိုးနေကြာ(မျိုးစေ့ထုတ်) ဧက ၃၀၀၀  စိုက်ပျိုးပြီးဖြစ်ပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုး၍ စားသုံးဆီထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် ယခုလို တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ နေကြာကြိတ်ခွဲရာတွင်  ထွက်ရှိသော နေကြာဖတ်သည် တိရစ္ဆာန်အစာအတွက် လွန်စွာအသုံးဝင်သော ကုန်ကြမ်းပစ္စည်းဖြစ်ပါကြောင်း၊ နေကြာဆီသည် လူများအတွက် အကျိုးပြုဓာတ်များ များစွာ ပါရှိကြောင်း၊ နေကြာကိုအောင်မြင်စွာစိုက်ပျိုးကြိတ်ခွဲနိုင်ပါက တိုင်းဒေသကြီးအတွက် ဆီဖူလုံမှုကိုများစွာ အထောက်အကူပြု အကျိုးသက်ရောက်မည် ဖြစ်ပါကြောင်း၊နေကြာဆီ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံခြားသို့ နှစ်စဉ်ထွက်ရှိနေသည့် ငွေများလျော့ကျစေနိုင်မည် ဖြစ်ပါကြောင်း၊ နေကြာဆီထုတ်လုပ်နိုင်ရန်အတွက် ဆီနှင့်ပတ်သက်သည့် အတွေ့အကြုံရှိသောသူများနှင့် ယခုကဲ့သို့  တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆီထွက်သီးနှံ မျိုးကောင်းများရရှိစေရန်နှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ငန်းရှင်များကလည်း တတ်နိုင်သမျှဝိုင်းဝန်း ကူညီစောင့်ရှောက်ပေးစေလိုကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း”အမှာစကားပြောကြားသည်။ ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်  သက်ဆိုင်ရာဌာနများနှင့် ဆီစက် လုပ်ငန်းရှင်များက တစ်ဦးချင်းစီ ဆက်လက်ဆွေးနွေး တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

08-Jul-2022