ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် နည်းပညာတက္ကသိုလ်(ပုသိမ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ပုသိမ်)သို့ သွားရောက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပါသည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ပုသိမ်) စက်မှုအင်ဂျင်နီယာဌာန၊ ကျောင်းသားကျောင်းသူများမှ မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားရာ" လူငယ်မောင်မယ်များသည် အဆင့်မြင့်ပညာရပ်များလေ့လာသင်ယူပြီး နိုင်ငံ့အကျိုးအတွက်ထမ်းဆောင်ရန် ရည်ရွယ်ချက်များဖြင့် နည်းပညာတက္ကသိုလ်ကြီးသို့ရောက်ရှိလာကြခြင်းဖြစ်၍ လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မောင်မယ်တို့၏ သင်ယူနိုင်မှု၊ လေ့လာနိုင်မှု ၊ တီထွင်ဆန်းသစ်နိုင်မှု၊ အတွေးအခေါ်အယူအဆများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး အားဖြည့်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ပညာခေတ်၊ နည်းပညာခေတ်ဖြစ်၍ ဆရာ၊ဆရာများ၏ သင်ကြားပို့ချမှုများကိုစနစ်တကျ မှတ်သားနာယူပြီး လက်တွေ့လေ့လာချက်များ၊ တီထွင်ဆန်းသစ်မှုများဖြင့် တိုင်းဒေသကြီး၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့်သားကောင်း၊ သမီးကောင်းများ၊ပညာရှင်များဖြစ်အောင်ကြိုးစားကြရန်လိုပါကြောင်းပြောကြားခဲ့ပြီး နည်းပညာတက္ကသိုလ်(ပုသိမ်) ဒုတိယပါမောက္ခချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများ၏ တေးသရုပ်ဖော်များ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြမှုများကိုကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။