တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်တက္ကသိုလ် သန့်ရှင်းသာယာလှပေရေး၊ စိမ်းလန်းစိုပြေရေးဆောင်ရွက်နေမည့်နေရာများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်တက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်သန့်ရှင်းသာယာလှပေရေး၊ စိမ်းလန်းစိုပြေရေးဆောင်ရွက်နေမည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ မော်ကွန်းထိန်း၊ အဆောင်မှူးများနှင့်တွေ့ဆုံခဲ့ရာ ပါမောက္ခချုပ်မှ ဘာသာရပ်အလိုက်အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်မှုအခြေအနေများ၊ တက္ကသိုလ်သန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြေရေး ဆောင်ရွက်မည့်အစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသသကြီးဝန်ကြီးချုပ်မှ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း တက္ကသိုလ်၏ အခမ်းအနားများ၊ စာတမ်းဖတ်ပွဲများ၊ ပြပွဲပြိုင်ပွဲများကို တက်ရောက်အားပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတိုးတက်အောင်မြင်စေရေး စနစ်တကျဆောင်ရွက်ရာတွင် တက္ကသိုလ်၊ ကောလိပ် သိပ္ပံများမှ ခေတ်မီဆန်းသစ်သောလေ့လာတွေ့ရှိချက်များကိုလည်း လက်တွေ့လုပ်ငန်းခွင်တွင်အကျိုးရှိစွာအသုံးချရန်လိုအပ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ၏ ဝါသနာအလိုက် အားကစားနှင့်အနုပညာကိုလည်း စနစ်တကျလေ့ကျင့်သင်ကြားပေးပြီး တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ၊ အနုပညာသမားများဖြစ်စေရေး ပြုစုပျိုးထောင်ပေးစေလိုပါကြောင်း၊ တက္ကသိုလ် သန့်ရှင်းသာယာရေးနှင့်စိမ်းလန်းစိုပြေစေရေးဆောင်ရွက်ရာတွင် ပန်းအလှပင်များ၊ အရိပ်ရအပင်များ ထည့်သွင်းစိုက်ပျိုးရန်နှင့် ရှေရှည်စီမံချက်များရေးဆွဲ၍စနစ်တကျ ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများလည်းဆောင်ရွက်ရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း လိုအပ်သည်များကို ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများမှ တက္ကသိုလ်ကျောင်းအပ်နှံတက်ရောက်မှုများ၊ သန့်ရှင်းသာယာလှပရေးဆောင်ရွက်မည့် အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပါသည်။