ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဧရာဝတီ - ဟင်္သာတတာ မြစ်ရေတိုက်စားမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းတွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ  ဧရာဝတီ-ဟင်္သာတတာ တာတိုင် ၄/၆ တွင် ဧရာဝတီမြစ်၏ မြစ်ကမ်းပါးသို့ ဦးတည် တိုက်စားမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဒေသကြီးဆည်မြောင်း နှင့် ရေအသုံးမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့မှ ဧရာဝတီမြစ် ဟင်္သာတမြစ်ကြောင်းအခြေအနေများ၊ တာငုတ်- ဖောင်ဆိပ် ဧရာဝတီမြစ်ကမ်းပါတစ်လျှောက် အရေးပေါ် ကာကွယ်ရေးလုပ်ငန်းများအဖြစ် Floating unit အလျားပေ ၂၀၀၀ပေ ဆောင်ရွက်မည့်အခြေအနေများ၊ ဧရာဝတီမြစ်ရေ ရေတိုက်စားမှုကြောင့် ဖောင်ဆိပ်ဖြတ်တာအနီး ကမ်းပြိုမှုအခြေအနေနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဧရာဝတီ-ဟင်္သာတတာ တာတိုင် ၃/၀ ရှိ ရေကင်းစခန်းအမှတ်(၈) အိပ်ပျက်တာနယ်နှင့်ဟင်္သာတ ကမ်းနားတာ ဦးပါရဲရေကင်းစခန်းများရှိ မိုးရာသီ ရေဘေးကာကွယ်ရေး တာတမံ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများအား တာတမံလုပ်သားများဖြင့်ဆောင်ရွက်နေမှုအခြေအနေ များ အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများနှင့် ရေမှတ်တိုင်နှင့် ရေမှတ် မှတ်တမ်းရေးသွင်းထားမှုအားကြည့်ရှုစစ်ဆေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြစ်ရေမြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိပါက ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံအစိမ်းရောင်၊  အဝါရောင်နှင့် အနီရောင်လွှင့်ထူဆောင်ရွက်ရမည့်အခြေအနေများသိရှိနားလည်ထားကြရန်၊ သဘာဝဘေးအန္တရာယ်များကို အချိန်မီကြိုတင်ကာကွယ်နိုင်ရန်အတွက် တာတမံများတာဝန်ချထားသည့်ရေကင်းအဖွဲ့များ၊ ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ရေဘေးကာကွယ်ရေးနည်းလမ်းများအတိုင်း ဂရုတစိုက်စောင့်ကြည့်ကြရန်၊ မြစ်ရေမှတ်တမ်းရေးသွင်းခြင်းများကိုစနစ်တကျ ရေးသွင်းဆောင်ရွက်ရန်နှင့် ထူးခြားမှုရှိပါကသတင်းပေးပို့ခြင်းလုပ်ငန်းများကိုမြန်ဆန်မှန်ကန်စွာ တက်ညီလက်ညီပူး ပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်္ဟာတဘူတာသို့သွားရောက်၍ ဘူတာရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးသွားပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ သွားလာမှုအခြေအနေများမေးမြန်းခဲ့ပြီး ဘူတာရုံးခန်းတွင် မြန်မာ့မီးရထားလုပ်ငန်း  တိုင်းတာဝန်ခံမှ ခရီးစဉ်ပြေးဆွဲမှု၊ ခရီးသည်များစီးနင်းလိုက်ပါမှု၊ ကုန်စည်တင်ဆောင်မှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးမှ ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေး၊ ကုန်စည်တင်ဆောင်မှုများပိုမိုဆောင်ရွက်နိုင်စေရေး၊ ဘူတာရုံသန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။

06-Jul-2022