တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းရေနံနှင့်သဘာဝဓာတ်ငွေ့မြေ၊ အထွေထွေမန်နေဂျာရုံးသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာတွင်တည်ရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်းရေနံနှင့်သဘာဝဓာတ်ငွေ့မြေ၊ အထွေထွေမန်နေဂျာရုံးသို့သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် အထွေထွေမန်နေဂျာမှ ညောင်တုန်း/ မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများ၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပိုက်လိုင်းများကောင်းမွန်မှုရှိစေရေး၊ အယိုအဖိတ် လေ့လွင့်ဆုံးရှုံးမှုမရှိစေရေး၊ ရေရှည်ထုတ်လုပ်နိုင်ရေး စနစ်တကျထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် လျာထားချက်ပြည့်မီစွာထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။ အဆိုပါ ညောင်တုန်း/မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသည့် လေဆီနှင့် သဘာဝဓာတ်ငွေ့များကို ရွာမ၊ မှော်ဘီရှိစက်ရုံများ၊ CNG ဆိုင်များ၊ LPC (ညောင်တုန်း-၂)၊ LPC(ညောင်တုန်း-၃) စက်ရုံများ၊ ရွာမ Gas Turbine သို့ ဖြန့်ဖြူးပေးလျက်ရှိပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ မာလာကွင်းကျေးရွာအခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ကာ ကျောင်းသားကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် သွေးလွန်တုပ်ကွေး ရောဂါစသည့် ကူးစက်ရောဂါများဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပြီး ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။